၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်အဖြစ် ဆော်ဒီအာရေဗျကို ရွေးချယ်အတည်ပြု
၂၀၃၄ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ၏ အိမ်ရှင်နိုင်ငံအဖြစ် ရေနံချမ်းသာကြွယ်ဝသည့် ဆော်ဒီအာရေဗျနိုင်ငံကို ပြိုင်ဘက်မရှိ ရွေးချယ်အတည်ပြုလိုက်ကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က ၁၁-၁၂-၂၀၂၄ ရက် (ဗုဒ္ဓဟူးနေ့)တွင် တရားဝင်ထုတ်ပြန်လိုက်ပါသည်။
၂၀၃၄ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအတွက်အိမ်ရှင်ရွေးချယ်ပွဲကို ဖီဖာအဖွဲ့ဝင် ၂၀၀ ကျော်က အွန်လိုင်းမှတစ်ဆင့်ရွေးချယ်လိုက်ခြင်းဖြစ်ပြီး ဆော်ဒီအာရေဗျ နိုင်ငံသည် တစ်နိုင်ငံတည်းအိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ကို ပြိုင်ဘက်မရှိ ရွေးချယ်ခံလိုက်ရခြင်း ဖြစ်ပါသည်။ ရွေးချယ်ပွဲတွင် ရှင်းလင်းပြတ်သားသည့် လက်ခုပ်သံများ၊ ကျယ်လောင်သည့် ထောက်ခံသံများနှင့်အတူ ချီးကျူးဂုဏ်ပြုသံများဖြင့် ဖုံးလွှမ်းသွားကြောင်း ဖီဖာဘောလုံးအဖွဲ့ဥက္ကဋ္ဌ Gianni Infantino က ဂုဏ်ပြု ပြောကြားလိုက်ပါသည်။
ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်က မိမိတို့နိုင်ငံကို ရွေးချယ်လိုက်မှုအပေါ် အလွန်ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း၊ ယခုကဲ့သို့ ကမ္ဘာလုံးဆိုင်ရာ အားကစားပြိုင်ပွဲကို မိမိတို့အနေဖြင့် ငွေကြေးအမြောက်အမြားသုံးစွဲကာ တစ်ကမ္ဘာလုံးပရိသတ်များ အံ့ဩရှုမောဖွယ်ရာ ဖြစ်စေမည့် ခေတ်မီဆန်းပြားသည့် ဘောလုံးကွင်းများ၊ အားကစားကွင်းများ၊ အခြေခံအဆောက်အအုံများဖြင့် သမိုင်းတစ်လျှောက် အကြီးကျယ်အခမ်းအနားဆုံး ပြိုင်ပွဲတစ်ခုအဖြစ် ကျင်းပနိုင်ရေး စီစဉ်သွားမည်ဟု ကတိပြု ပြောကြားလိုက်ပါသည်။
ကိုးကား - CNA