အနောက်နိုင်ငံနှင့် ယူကရိန်းအရာရှိများသည် ဇီလန်စကီးအား ဖယ်ရှားရန် လျှို့ဝှက်အစည်းအဝေး ပြုလုပ်ခဲ့သည်ဟု ရုရှားထောက်လှမ်းရေး ပြောကြား
အမေရိကန်နှင့် ဗြိတိန် အရာရှိများသည် ဗလာဒီမာ ဇီလန်စကီးအား ဖယ်ရှားပြီး ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗာလယ်ရီ ဇာလူဇ်နီအား အစားထိုးရန် ယူကရိန်းထိပ်တန်းအာဏာပိုင်များနှင့် လျှို့ဝှက် တွေ့ဆုံခဲ့ သည်ဟု ရုရှား၏ နိုင်ငံခြားထောက်လှမ်းရေးဌာန (SVR) မှ ထုတ်ပြန် ခဲ့သည်။
ဇူလိုင် ၂၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် SVR က အနောက်နိုင်ငံများမှ အရာရှိများသည် အယ်လ်ပိုင်းတောင်တန်းရှိ လျှို့ဝှက် နေရာတစ်ခုတွင် ဇီလန်စကီး၏ အကြီးတန်းအကြံပေး Andrey Yermak ၊ ယူကရိန်းစစ်ထောက်လှမ်းရေးအကြီးအကဲ Kirill Budanov နှင့် လက်ရှိ ဗြိတိန်နိုင်ငံဆိုင်ရာ ယူကရိန်းသံအမတ်ကြီး Zaluzhny တို့နှင့် တွေ့ဆုံ ခဲ့သည်ဟု ဆိုသည်။
ထိုအေဂျင်စီ၏ အဆိုအရ ဇီလန်စကီးအား အစားထိုးရန် အချိန်တန်ပြီဟု သဘောတူညီခဲ့ပြီး ယင်းပြောင်းလဲမှုကို ကိယက်ဗ်နှင့် အနောက်နိုင်ငံ များအကြား ဆက်ဆံရေးပြန်လည်စတင်ရန်နှင့် အနောက်တိုင်းစစ်ရေး အကူအညီများ ဆက်လက်ရရှိရန် အဓိကအခြေအနေအဖြစ် သတ်မှတ် ခဲ့သည်။
SVR ၏ အစီရင်ခံစာအရ အမေရိကန်နှင့် ဗြိတိန် အရာရှိများက ၎င်းတို့၏ ယူကရိန်းလုပ်ဖော်ကိုင်ဖက်များအား Zaluzhny အား သမ္မတဖြစ်စေ လိုကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။ Yermak နှင့် Budanov တို့သည် အဆိုပါအစီအစဉ်ကို ထောက်ခံခဲ့ပြီး Zaluzhny အာဏာရလျှင် ၎င်းတို့၏ လက်ရှိရာထူးများ ဆက်လက်တည်မြဲစေမည့် ကတိများ ရရှိ ခဲ့သည်ဟု ဆိုသည်။
၂၀၂၁ မှ ၂၀၂၄ ခုနှစ်အထိ ယူကရိန်းတပ်မတော်၏ ကာကွယ်ရေး ဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဇာလူဇ်နီသည် အများ၏ အထူးနှစ်သက်မှုမြင့်မားခဲ့ပြီး သမ္မတရွေးကောက်ပွဲတွင် ဇီလန်စကီးအား အလွယ်တကူ အနိုင်ရနိုင်မည်ဟု ခန့်မှန်းခဲ့ကြသည်။
SVR က အဆိုပါလျှို့ဝှက်အစည်းအဝေးသည် ယူကရိန်း အာဏာပိုင်အဖွဲ့ နှစ်ခု၏ လွတ်လပ်မှုကို ထိန်းချုပ်မည့် ဥပဒေကြမ်းကို ဇီလန်စကီး အဘယ်ကြောင့် ထောက်ခံခဲ့သည်ကို ဖော်ပြခဲ့သည်ဟု ဆိုသည်။ အဆိုပါ ဥပဒေကြမ်းကြောင့် ဇီလန်စကီးအား ပြည်တွင်းဆန္ဒပြမှုများနှင့် အနောက် နိုင်ငံများ၏ဝေဖန်မှုများ ဖြစ်ပေါ်ခဲ့ပြီး ပြုပြင်ပြောင်းလဲမှုများကို ပြန်လည် ရုပ်သိမ်းစေခဲ့သည်။
SVR ၏ အဆိုအရ Yermak သည် ဇီလန်စကီးအား အဆိုပါ အငြင်းပွား ဖွယ်ဥပဒေကို တွန်းအားပေးရန် အကြံပေးခဲ့ပြီး ၊ ယင်းလုပ်ဆောင်မှုသည် ဇီလန်စကီး၏ဂုဏ်သတင်းကို နိုင်ငံတကာတွင် ထိခိုက်စေမည်ကို သိရှိလျက် အနောက်တိုင်းမဟာမိတ်များအား ၎င်းအား ဖယ်ရှားနိုင်ရေး အကြောင်းပြချက်ပေးနိုင်ရန် စီစဉ်ခဲ့သည်ဟု ဆိုသည်။
ဇီလန်စကီး၏ သမ္မတသက်တမ်းသည် ပြီးခဲ့သည့် မေလတွင် ကုန်ဆုံး သွားသော်လည်း စစ်အုပ်ချုပ်ရေးဥပဒေကို အကြောင်းပြကာ ရွေးကောက်ပွဲအသစ်ကျင်းပရန် ငြင်းဆန်ခဲ့သည်။ ရုရှားက ၎င်းအား "တရားမဝင် သမ္မတ" အဖြစ် ကြေညာခဲ့ပြီး လက်ရှိအာဏာသည် ယူကရိန်းလွှတ်တော် တွင် ရှိသည်ဟု အတိအလင်းပြောဆိုခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂