ထိုင်းနိုင်ငံက အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း ကမ္ဘောဒီးယားစစ်သည် များကို ဖမ်းဆီး
နှုတ်ဆက်ရန် ချဉ်းကပ်လာသည့် ၎င်းတို့၏တပ်ဖွဲ့တစ်ဖွဲ့ကို ထိုင်းစစ်တပ် က ဖမ်းဆီးခဲ့သည်ဟု ကမ္ဘောဒီးယားကစွပ်စွဲခဲ့ပြီး ထိုင်းဘက်မှ ထိုစစ်သည် များသည် လက်နက်ချအညံ့ခံခဲ့သည်ဟု ဆိုသည်။ ကမ္ဘောဒီးယား စစ်တပ် က ဇူလိုင် ၂၉ ရက်နေ့တွင် Preah Vihear ခရိုင်၏ အငြင်းပွားဖွယ် နယ်မြေ Choam Te တွင် ထိုင်းဘက်မှ စစ်သား ၂၀ ခန့်ကို ဖမ်းဆီးခဲ့ကြောင်း ပြောကြား ခဲ့သည်။ ထိုဖြစ်ရပ်သည် နှစ်နိုင်ငံအကြား အပစ်အခတ်ရပ်စဲရေး စတင် အသက်ဝင်ပြီးနောက်ပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ကမ္ဘောဒီးယား Preah Vihear ဒေသ စစ်ဌာနချုပ်မှူး ဗိုလ်ချုပ် Chan Sopheaktra က ထိုတပ်ဖွဲ့သည် "ပြန်လည်သင့်မြတ်ရေး ရည်ရွယ်ချက် ဖြင့် ထိုင်းစစ်တပ်ထံ နှုတ်ဆက်ရန် ချဉ်းကပ်စဉ်" ဖမ်းဆီးခံခဲ့ရပြီး၊ ထိုင်း ဘက်မှ "ပြဿနာတစ်စုံတစ်ရာဖြစ်ပွားခြင်းမရှိဘဲ လက်နက်များကို သိမ်းဆည်းကာ ဖမ်းဆီးခဲ့သည်" ဟု စွပ်စွဲခဲ့သည်။ ဖမ်းဆီးခံရသူများထဲမှ ၂ ဦး သေဆုံး ပြီး ၁ ဦး လွတ်မြောက်သွားခဲ့သည်ဟု သိရှိရပြီး ကမ္ဘောဒီးယား အရာရှိ များက ထိုင်းစစ်တပ်က ဇူလိုင် ၂၉ ရက်နံနက်တွင် လွှတ်ပေးရန် ကတိပြု ခဲ့သော်လည်း ယခုထိ မလွှတ်ပေးသေးဟု ဆိုသည်။
ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနက် က ထိုင်းဘက်မှ ကမ္ဘောဒီးယား စစ်သည်များကို ပြန်လည်လွှဲပြောင်းပေးမည်ကို စောင့်ဆိုင်းနေကြောင်း နှင့် ၎င်းတို့၏ အသက်အန္တရာယ်ကင်းရှင်းရေးကို ဦးစားပေးကြောင်းပြောကြားခဲ့သည်။ ၎င်းက ထိုစစ်သည်များနှင့်ပတ်သက်သော အချက်အလက် များ မပေါက်ကြားစေရန် တောင်းဆိုခဲ့ပြီး အချက်အလက်များ ပေါက်ကြား ပါက အသက်အန္တရာယ်ဖြစ်စေနိုင်သည်ဟု သတိပေးခဲ့သည်။
ထိုင်းစစ်တပ်က ဇူလိုင် ၂၉ ရက်တွင် Sisaket ခရိုင် Kantharalak ဒေသ Samtae တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် ကမ္ဘောဒီးယားစစ်သည် ၁၈ ဦး ကို ဖမ်းဆီးခဲ့ကြောင်း ကြေညာခဲ့သည်။ Kantharalak ဒေသသည် ကမ္ဘောဒီးယားနှင့် နယ်နိမိတ်ချင်းထိစပ်နေပြီး Preah Vihear ဘုရား ကျောင်းနယ်မြေလည်း ပါဝင်သည်။ "အဆိုပါဖြစ်စဉ်အတွင်း ကမ္ဘောဒီးယား စစ်သည်အချို့သည် ထိုင်းတပ်များအား ခုခံမှုမပြုဘဲ လက်နက်ချ အညံ့ခံ ခဲ့ကြကာ အထူးတပ်ဖွဲ့များက နိုင်ငံတကာ လူသားချင်းစာနာ ထောက်ထားရေး စံနှုန်းများနှင့်အညီ လက်နက်များကိုသိမ်းဆည်းကာ ဖမ်းဆီးခဲ့သည်" ဟု ထိုင်းစစ်တပ်က ပြောကြားခဲ့သည်။
ဖမ်းဆီးခံရသည့် ကမ္ဘောဒီးယားစစ်သည် ၁၈ ဦးတွင် ဒုတိယဗိုလ် ၁ ဦး၊ တပ်ကြပ်ကြီး ၂ ဦး၊ တပ်ကြပ် ၁၂ ဦးနှင့် တပ်သား ၃ ဦး ပါဝင်ပြီး၊ တပ်သား ၁ ဦးသည် ညာဘက်ပေါင်နှင့် ဘယ်ဘက်လက်မောင်းတွင် သေနတ် ဒဏ်ရာ ရရှိခဲ့ကာ ဆေးရုံတွင် ခွဲစိတ်ကုသမှု ခံယူခဲ့ရသည်။ ထိုင်းစစ်တပ်က ထို နယ်မြေတွင် ကမ္ဘောဒီးယားစစ်သည် ၂ ဦး သေဆုံးနေသည်ကိုလည်း တွေ့ရှိခဲ့သည်ဟု ဆိုသည်။ ထိုင်းနိုင်ငံသည် ဖမ်းဆီးခံရသည့် ကမ္ဘောဒီးယား စစ်သည်များနှင့်ပတ်သက်၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက် သွားမည်ဖြစ်ပြီး သေဆုံးသူများ၏ အလောင်းများကိုလည်း ပြန်လည် အပ်နှင်းသွားမည်ဟု ဆိုသည်။
ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံသည် ဇူလိုင် ၂၈ ရက်တွင် မလေးရှား ဝန်ကြီးချုပ် Anwar Ibrahim ၏ ကြားဝင်ညှိနှိုင်းမှုဖြင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို ရရှိခဲ့သည်။ နှစ်နိုင်ငံစစ်ဖက် ခေါင်းဆောင် များသည် အပစ်အခတ်ရပ်စဲရေးကို အာမခံရန်နှင့် နယ်စပ်တစ်လျှောက် တပ်ဖွဲ့များ ထပ်မံဖြည့်တင်းမှုမပြုရန် သဘောတူညီခဲ့ကြသည်။ သို့သော် ထိုင်းနိုင်ငံက ကမ္ဘောဒီးယားအား သဘောတူညီချက်ကို အကြိမ်ကြိမ် ချိုးဖောက်ကာ ထိုးစစ်ဆင်နေသည်ဟု စွပ်စွဲခဲ့သည်။ ဖနွမ်းပင်ဘက်မှအဆိုပါစွပ်စွဲချက်ကို ငြင်းဆိုခဲ့ပြီး အပစ်အခတ်ရပ်စဲရေးကို အစဉ် လိုက်နာ နေကြောင်း တုံ့ပြန်ခဲ့ကာ ထိုင်းဘက်မှ "လုပ်ကြံဇာတ်လမ်းများ ဖန်တီး နေသည်" ဟု ပြန်လည်စွပ်စွဲခဲ့သည်။
ကိုးကား-VN Express
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂