ရုရှား၊အီရန်တို့နှင့်ဆက်ဆံရေးကို ဆီးရီးယား ကြားဖြတ် အစိုးရ ပြန်လည်သုံးသပ်မည်

News Image

  • ရုရှား၊အီရန်တို့နှင့်ဆက်ဆံရေးကို ဆီးရီးယား ကြားဖြတ် အစိုးရ ပြန်လည်သုံးသပ်မည်

အသစ်ဖွဲ့စည်းလိုက်သည့် ဆီးရီးယားကြားဖြတ်အစိုးရကို ဦးဆောင်နေသော အဖွဲ့၏အကြီးအကဲက  သမ္မတဟောင်း Bashar al-Assad ဘက်မှရပ်တည်ခဲ့သည့် ရုရှား၊ အီရန် တို့နှင့် ဆက်ဆံရေးကို ပြန်လည်သုံးသပ်သွားမယ်ဟု ပြောကြားခဲ့သည်။

Hayat Tahrir al-Sham အဖွဲ့၏ ခေါင်းဆောင် Abu Mohammed al-Golani က ယခုကဲ့သို့ မှတ်ချက်ချ ပြောကြားခဲ့ကြောင်း ဆီးရီးယားမီဒီယာများတွင် ဒီဇင်ဘာ ၁၄ ရက်နေ့က ကိုးကားဖော်ပြခဲ့ကြသည်။

ဆီးရီးယားတွင် အစိုးရအား ပုန်ကန်တိုက်ခိုက်ခဲ့သော အဖွဲ့များသည် ဒီဇင်ဘာ ၈ ရက်နေ့က အာဏာရှင် Assad အစိုးရကို ဖြိုခွင်းခဲ့ပြီးနောက် မစ္စတာ Golani အဖွဲ့၏ ဦးဆောင်မှုအောက်တွင် ယာယီအစိုးရတစ်ရပ်ကို ဖွဲ့စည်း ခဲ့သည်။

ကြားဖြတ်အစိုးရအနေဖြင့် အချိန်အတိုင်းအတာတစ်ခု အထိ ရုရှားနှင့်ပတ်သက်ပြီး သတိထားဆက်ဆံမည့် သဘောထားရှိကြောင်း မစ္စတာ Golani က အလေးပေး ပြောကြားခဲ့သည်။

ဆီးရီးယားခေါင်းဆောင်ပိုင်းက ၂ နိုင်ငံအကျိုးစီးပွားကို ဖော်ဆောင်သည့်အနေဖြင့် ဆက်ဆံမှုများကို ပြန်လည် သုံးသပ်ရန် ရုရှားကို အခွင့်အရေးပေးခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ရုရှားသည် ဆီးရီးယားရှိ ၎င်းတို့၏စစ်စခန်းများတွင်ရှိသော စစ်ရေး အထောက်အပံ့များအား သယ်ယူရွှေ့‌ပြောင်းနေ ကြောင်း သိရှိရသည်။

ဆီးရီးယား၏ နောက်ဆုံးအခြေအနေများအပေါ် ရုရှားအနေဖြင့် မည်သို့တုံ့ပြန်မည်ဆိုသည်ကို အများက အာရုံစိုက် စိတ်ဝင်စားနေကြသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken သည် တူရကီနှင့် အခြားသက်ဆိုင်ရာ နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံပြီး ဆီးရီးယား အခြေအနေများအား ဆွေးနွေးခဲ့ကြောင်းသိရှိရသည်။

အမေရိကန်နိုင်ငံက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသည့် Hayat Tahrir al-Sham အဖွဲ့နှင့် တိုက်ရိုက်ဆက်သွယ်မှု ရှိခဲ့ကြောင်း ဆွေးနွေးပွဲ အပြီး တွင် ၎င်းကသတင်းထောက်များကို ပြောကြားခဲ့သည်။

Hayat Tahrir al-Sham အဖွဲ့က ဦးဆောင်သည့် ဆီးရီးယားကြားဖြတ်အစိုးရကို အမေရိကန်အစိုးရ အနေဖြင့် မည်ကဲ့သို့ ဆက်ဆံဆောင်ရွက်သွားမည်ကို အများက စိတ်ဝင်စားစွာ စောင့်ကြည့်လျက်ရှိကြောင်း ဖော်ပြထားပါသည်။

ကိုးကား- NHK World