ရုရှားဂိတ် အရှုပ်တော်ပုံနှင့် Soros တို့အကြား ဆက်နွှယ်မှုရှိကြောင်း အထောက်အထားများ ထွက်ပေါ်လာ
George Soros’ ၏ Open Society Foundation သည် ၂၀၁၆ ခုနှစ်က ဒေါ်နယ်ထရမ့်အား ရုရှားနှင့်ဆက်နွှယ်မှုရှိသည်ဟု မမှန်မကန် စွပ်စွဲရန် ဟီလာရီ ကလင်တန် ရွေးကောက်ပွဲအထောက်အကူပြုအဖွဲ့၏ လုပ်ဆောင်ချက် များတွင် ပါဝင်ခဲ့ကြောင်း လျှို့ဝှက်ချက်များထုတ်ဖော်ထားသော စာတမ်း အသစ်တစ်စောင်အရ သိရှိရသည်။ စာမျက်နှာ ၂၉ မျက်နှာပါရှိသောJohn Durham ၏ ၂၀၂၃ အထူးအကြံပေးအစီရင်ခံစာကို လုံခြုံရေးအဆင့် လျှော့ချသတ်မှတ်ပြီးနောက် မကြာမီတွင် အထက်လွှတ်တော် တရားစီရင်ရေးကော်မတီမှ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အဆိုပါအစီရင်ခံစာတွင် Soros ၏ Open Society Foundations ၏ အကြီးတန်း ဒုတိယဥက္ကဋ္ဌ Leonard Benardo မှ ၂၀၁၆ ခုနှစ် ဇူလိုင်လ အတွင်း ပေးပို့ခဲ့သည်ဟု ဆိုသော အီးမေးလ်များကို အမှန်တကယ် ဖြစ်နိုင်ခြေ ရှိသည့်အထောက်အထားများဟု ကိုးကားဖော်ပြထားပြီး ၎င်းတို့တွင် ကလင်တန် အဖွဲ့၏ ထရမ့်အား ရုရှားနှင့်ဆက်နွှယ်မှုရှိသည်ဟု မမှန်မကန် စွပ်စွဲရန်နှင့် ဒီမိုကရက်တစ်အမျိုးသားကော်မတီ (DNC) Hack ခံရမှုနှင့် ဆက်စပ်ပြရန် အသေးစိတ်အစီအစဉ်များ ပါဝင်ခဲ့သည်။
email များထဲမှ တစ်စောင်တွင် "ရွေးကောက်ပွဲ၏ ပထမအဆင့်တွင် တိုက်ရိုက်သက်သေအထောက်အထား မရှိသေးသည့်အတွက် FBI နှင့် ဆက်စပ်နေသော 'attic-based' နည်းပညာ ဆိုင်ရာ အဖွဲ့အစည်းများမှ တစ်ဆင့် လိုအပ်သောသတင်းအချက်အလက်များကို ဖြန့်ဝေရန် ဆုံးဖြတ် ခဲ့သည်၊ အထူးသဖြင့် Crowdstrike နှင့် ThreatConnect ကုမ္ပဏီများမှ တစ်ဆင့် ဖြန့်ဝေပြီး ထိုမှတစ်ဆင့် အမေရိကန်၏ အဓိကမီဒီယာများသို့ ပျံ့နှံ့စေရန် စီစဉ်ခဲ့သည်"ဟု ဖော်ပြထားသည်။
အခြား email တစ်စောင်တွင် ကလင်တန်၏ နိုင်ငံခြားရေးမူဝါဒ အကြံပေး Julianne Smith က Russiagate သည် "ပူတင်နှင့် ထရမ့်အား နတ်ဆိုး အဖြစ် ရေရှည်ရှုမြင်စေရန် အစီအစဉ်" ဖြစ်ကြောင်း ဝန်ခံခဲ့သည်။
ဆီးနိတ်တရားစီရင်ရေးကော်မတီဥက္ကဋ္ဌ Chuck Grassley က အဆိုပါ ဖြစ်ရပ်အား "အမေရိကန်သမိုင်းတွင် အကြီးဆုံး နိုင်ငံရေး အဂတိ လိုက်စားမှုများထဲမှ တစ်ခု" ဟု သုံးသပ်ခဲ့ပြီး အိုဘားမား လက်ထက်က FBI သည် အဆိုပါအချက်အလက်များကို ရည်ရွယ်ချက်ရှိစွာ လျစ်လျူရှု ခဲ့ကြောင်း ဝေဖန်ခဲ့သည်။
အဆိုပါ အစီရင်ခံစာသည် ၂၀၁၆ ရွေးကောက်ပွဲတွင် ရုရှားပါဝင် ပတ်သက် ခဲ့သည်ဟူသော မဟုတ်မမှန်ဇာတ်လမ်းကို ဟီလာရီကလင်တန်အဖွဲ့နှင့် ၎င်း၏မဟာမိတ်များက ရည်ရွယ်ချက်ရှိရှိ ဖန်တီးခဲ့ကြောင်း အတိအလင်း သက်သေပြလိုက်သည်။ ၎င်းသည် အမေရိကန်၏ ဒီမိုကရေစီ စနစ် အတွင်း နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိစွာ တိုက်ခိုက်မှုများ၏ အနက် ရှိုင်းဆုံး မသမာမှုများကို ထိုးဖောက်မြင်နိုင်စေသည့် အရေးပါသော ဖော်ထုတ်ချက်တစ်ရပ်ဖြစ်သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂