ရွေးကောက်ခံသမ္မတထရန့် ထိုင်ဝမ်အစိုးရအပေါ် သဘောထားပြောင်းလဲသွားမလား
ရွေးကောက်ခံသမ္မတထရန့်က ထိုင်ဝမ်နိုင်ငံအား မိတ်ဆွေအဖြစ်သဘောထားခဲ့ပြီး လက်နက်အများအပြား ရောင်းချပေးခြင်း၊ သံတမန်များ အလည်အပတ် စေလွှတ်ခြင်းများကို ၎င်း၏ပထမသက်တမ်းတွင် ဆောင်ရွက်ခဲ့ကြောင်း၊ ဒုတိယသက်တမ်းအတွက် မဲဆွယ်မှုများပြုလုပ်ရာတွင် အမေရိကန်နိုင်ငံ၏ လုံခြုံရေးကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုင်ဝမ်နိုင်ငံသည် အမေရိကန်၏ အီလက်ထရောနစ် စီးပွားရေးကို ခိုးယူသည်ဟု ထရန့်က ပြောကြားခဲ့ ပါသည်။
ထိုအချက်များကြောင့် ယခင်သက်တမ်းတွင် ထရန့် သည် တရုတ်ပြည်မကြီးရန်မှ ကာကွယ်ပေးသည့် မိတ်ဆွေဖြစ်ခဲ့သော်လည်း ဒုတိယသက်တမ်းတွင် ထရန့် မည်ကဲ့သို့ဆောင်ရွက်မည်ကို မခန့်မှန်းနိုင်သည့်အတွက် ထိုင်ဝမ်အစိုးရသည် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်း၊ ထိုင်ဝမ်နိုင်ငံအတွင်း နေထိုင်သူများသည် ထရန့်၏နိုင်ငံရေးအခင်းအကျင်းကို ခန့်မှန်းရန် ခက်ခဲသောကြောင့် ထိုင်ဝမ်နိုင်ငံ၏ လုံခြုံရေးအပါ် စိုးရိမ်မှုမြင့်တက်နေကြောင်း ထိုင်ဝမ်အမျိုးသားလုံခြုံရေး ကောင်စီထိပ်တန်းအကြံပေး (အငြိမ်းစား) တစ်ဦးက CNN သို့ ပြောကြားခဲ့ပါသည်။
ထိုင်ဝမ်အစိုးရအနေဖြင့် နိုင်ငံ၏လုံခြုံရေးကို ရှေးရှု၍ အမေရိကန်နိုင်ငံ၏ လက်နက်အကူအညီကို ဆက်လက် ရရှိရန် ရွေးကောက်ခံသမ္မတ ထရန့်အစိုးရနှင့် ကောင်းမွန်သော ဆက်ဆံရေးမျိုး ယခုကတည်းက တည်ဆောက်ရန် လိုအပ်ပါသည်။
တရုတ်ပြည်မကြီး ကွန်မြူနစ်ပါတီသည် ထိုင်ဝမ်အား ၎င်းတို့၏ အချုပ်အခြာအာဏာအောက်သို့ရောက်ရန် ကြိုးပမ်းနေသည်မှာ အချိန်ကာလတစ်ခုတိုင်ခဲ့ပြီ ဖြစ်ပါ သည်။ သို့သော်လည်း ထိုင်ဝမ်-အမေရိကန် ဆက်ဆံရေး အက်ဥပဒေအောက်တွင် အမေရိကန်မှ ထိုင်ဝမ်သို့ လက်နက်ကိရိယာများ တရားဝင်တင်သွင်းနိုင်ပြီး တရုတ် ပြည်မကြီး၏ ရန်ကို ခုခံနေနိုင်ခြင်း ဖြစ်ပါသည်။
ထိုင်ဝမ်အစိုးရကလည်း အမေရိကန်-ထိုင်ဝမ် ဆက်ဆံရေး ကိုအလေးထားကြောင်းနှင့် ထိုင်ဝမ်သမ္မတ Lai Ching-te က ထိုင်ဝမ်အစိုးရသည် အမေရိကန်နိုင်ငံအတွက် ယုံကြည်စိတ်ချရသည့် မိတ်ဆွေဖြစ်လိုကြောင်း အမေရိကန်ရွေးကောက်ပွဲအပြီးတွင် သတင်းထုတ်ပြန် ခဲ့ပါသည်။
သို့သော်လည်း ထရန့်၏ မူဝါဒ၊ သဘောထားများအပေါ် စောင့်ကြည့်ပြီး ဒုတိယသက်တမ်းတွင် ထိုင်ဝမ်အစိုးရအပေါ် ပြောင်းလဲဆက်ဆံမည်လား ဆက်လက် စောင့်ကြည့်ရမည် ဖြစ်ပါသည်။
ကိုးကား - CNN