အထီးကျန်ခြင်းနဲ့အကြားအာရုံချို့ယွင်းခြင်းတို့က မှတ်ဉာဏ်ပျက်စီးမှုကိုအားပေးနေ
မှတ်ဉာဏ်ဆိုတာ လူတစ်ယောက်အတွက် သိပ်ကိုအရေးကြီးတဲ့အရာပါ။ အထူးသဖြင့် သက်ကြီး ရွယ်အိုပိုင်းတွေမှာ မှတ်ဉာဏ်ချို့ယွင်းမှုက ကိုယ်ဖြတ်သန်းခဲ့ရတဲ့တစ် ဘဝစာလုံးရဲ့ မှတ်သား သိရှိမှုတွေကို ပျောက်ဆုံးသွားစေတာ ဖြစ်ပါတယ်။ ဒီလိုမျိုးပျောက်ဆုံးသွား မှုတွေက သိပ်ကိုဝမ်းနည်းဖို့ ကောင်းလှပါတယ်။
ဒါကြောင့် ဘယ်လိုအခြေအနေတွေက မှတ်ဉာဏ်ကို ပျက်စီးစေလဲဆိုတာ သိဖို့လိုလာပါပြီ။ ဒီအချိန်မှာ သုတေသနပညာရှင်များက မှတ်ဉာဏ်ပျက်စီးမှုကို ပိုမိုဆိုးဝါးစေတဲ့အခြေအနေနဲ့ပတ်သက်လို့ လေ့လာမှုတစ်ခုကို ထုတ်ပြန်လိုက်ပါပြီ။
ဂျီနီဗာတက္ကသိုလ်မှ သုတေသနပညာရှင်များက ဥရောပဒေသမှာရှိတဲ့ သက်ကြီးရွယ်အိုအယောက် ၃၃၀၀၀ စီမှရရှိလာသောအချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာပြီးနောက် အခုလေ့လာတွေ့ရှိချက်ကို ထုတ်ပြန်လိုက်တာပါ။ သူတို့ရဲ့ထုတ်ပြန်ချက်အရဆိုရင် အသက်ကြီးလာတာနဲ့အမျှရင်ဆိုင်ရတဲ့ အထီးကျန်မှုက မှတ်ဉာဏ်ကို ပျက်စီးနိုင်စေတယ် ဆိုပေမယ့် အကြားအာရုံချို့ယွင်းမှုကိုပါ ခံစားနေရတယ် ဆိုရင်တော့ အဲဒီလူရဲ့မှတ်ဉာဏ်ပျက်စီးမှုကို ပိုမိုဆိုးဝါးသွားစေတာဖြစ်တယ်လို့ ဆိုထားပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ခန့်မှန်းချက်အရဆိုရင် လက်ရှိအခြေအနေအတိုင်းဆက်သွားပါက ၂၀၅၀ ပြည့်နှစ်ရောက်တဲ့အခါ ကမ္ဘာ့လူဦးရေ နှစ်ဘီလီယံ ခွဲလောက်က အကြားအာရုံချို့ယွင်းမှုကိုခံစားရလိမ့်မယ်လို့သိရပါတယ်။ လက်ရှိအချိန်မှာတော့ အသက် ၆၀ နဲ့အထက်ရှိသူ လေးပုံတစ်ပုံက အကြားအာရုံချို့ယွင်းနေပါပြီ။
အကြားအာရုံချို့ယွင်းမှုက လူ့အသိုင်းအဝိုင်းကြား နေ့စဉ်ပြောဆိုဆက်ဆံရာမှာ အဟန့်အတားအနှောင့် အယှက်တစ်ခုဖြစ်ပါတယ်။ နားကြားကိရိယာတွေ ဘယ်လိုပင်ပေါ်လာစေဦးတော့ နားမကြားတဲ့ သူတစ်ယောက်မှာ စိတ်ဖိအားတစ်ခုရှိတာတော့ အမှန်ပါပဲ။ ဒီအချိန်မှာ အထီးကျန်ခြင်းကိုပါ ပေါင်းစပ်လိုက်ရင်မှတ်ဉာဏ်တွေကလည်း ပျောက်ဆုံးသွားရတော့တာ ဖြစ်ပါတယ်။
Ref: SD
ကိုထက်
MWD Web Portal