ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် တပ်ကုန်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား One Stop Service ဖြင့် ဆောင်ရွက်ပေးနေမှု ကြည့်ရှုအားပေး
နေပြည်တော် ဩဂုတ် ၈
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တပ်ကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများက အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပျက်စီး၊ ပျောက်ဆုံးသွားသည့် ဒေသခံပြည်သူများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူများအား ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းများက ဒေသခံပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရေးအတွက် One Stop Service ဖြင့် ဆောင်ရွက်ပေးနေမှုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိပြီးသူများအား e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ Unique ID နံပါတ် တစ်ပါတည်း ဆောင်ရွက်ထုတ်ပေးနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးကာ လုပ်ငန်းလိုအပ်ချက်များကို မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် တပ်ကုန်းမြို့နယ် ဦးစီးမှူးရုံးဝင်းအတွင်းရှိ Container House ၌ မြို့နယ်ရုံးဝန်ထမ်းများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့မှ တာဝန်ရှိသူများစုပေါင်း၍ မဲဆန္ဒရှင်စာရင်း မှန်ကန်ရေးအတွက် မြေပြင်ကွင်းဆင်းကောက်ယူခဲ့သည့် စာရင်းအချက် အလက်များ တိုက်ဆိုင်စိစစ်ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။
ယင်းနောက် မြို့နယ်ရုံးခန်းများအတွင်းရုံး စာရွက်စာတမ်းများနှင့် ရုံးသုံးပစ္စည်းများ ထိန်းသိမ်းထားရှိမှုနှင့် မှတ်တမ်းခန်းအတွင်း ကိုယ်ရေးမှတ်တမ်းများ စနစ်တကျထိန်းသိမ်းထားရှိမှုကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး အဆိုပါရုံးခန်းမ၌ မြို့နယ်ရုံးဝန်ထမ်းများနှင့်တွေ့ဆုံကာ စာရွက်စာတမ်းများနှင့် ရုံးပစ္စည်းများ၊ e-ID ဆိုင်ရာစက်ပစ္စည်း ကိရိယာများလုံခြုံမှုရှိစေရေး စစ်ဆေးကြပ်မတ် ထိန်းသိမ်းဆောင်ရွက်ရန်၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် ပျောက်ဆုံး၊ ပျက်စီးသွားသူများနှင့် အသက်ပြည့်မီသူများအား ကိုင်ဆောင်ကတ်ပြား တစ်မျိုးမျိုး ရရှိကိုင်ဆောင်နိုင်ရန်၊ မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း ကိုင်ဆောင်ကတ်ပြား တစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရန်နှင့် မဲဆန္ဒရှင် စာရင်းပြည့်စုံမှန်ကန်စေရေးလုပ်ငန်းများ၌ ဆက်စပ်ဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ကြရန်တို့ကိုမှာကြား၍ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး မြို့နယ်ရုံးဝန်ထမ်းများအတွက် ဆန်အိတ်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
MOI