အာမေးနီးယား-အဇာဘိုင်ဂျန် သဘောတူညီချက်မှ ကော့ကေးဆပ် ဒေသ တောင်ပိုင်းရှိ အဓိက လမ်းကြောင်းအား လုံခြုံစေမည်ဟု ထရမ့်ဆို

News Image

  • အာမေးနီးယား-အဇာဘိုင်ဂျန် သဘောတူညီချက်မှ ကော့ကေးဆပ် ဒေသ တောင်ပိုင်းရှိ အဓိက လမ်းကြောင်းအား လုံခြုံစေမည်ဟု ထရမ့်ဆို

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အိမ်ဖြူတော်၌ ကျင်းပမည့် အဇာဘိုင်ဂျန်နှင့် အာမေးနီးယားခေါင်းဆောင်များနှင့် အစည်းအဝေးတွင် တောင်ကော့ကေးဆပ်ဒေသရှိ နိုင်ငံရေးအရ အရေးပါသောလမ်းကြောင်း တစ်ခုအတွက် အမေရိကန်၏သီးသန့်ဖွံ့ဖြိုးရေး အခွင့်အရေးများကို ပေးအပ်ရန် စီစဉ်ထားသည်ဟု ရိုက်တာသတင်းဌာနက တာဝန်ရှိသူ များ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ဖော်ပြခဲ့သည်။

ဆိုဗီယက်ယူနီယံဟောင်းနိုင်ငံများဖြစ်သော အာမေးနီးယားနှင့် အဇာ ဘိုင်ဂျန်တို့သည် ၁၉၈၀ ပြည့်နှစ်နှောင်းပိုင်းမှစ၍ ကာရာဘက် ဒေသ အတွက် ဆယ်စုနှစ်များစွာ နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှုများ ရှိခဲ့သည်။ ၂၀၂၃ တွင် ဘာကူသည် အာမေးနီးယား လူမျိုးအများစု နေထိုင်သော ထိုနယ်မြေကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။

ထရမ့်က အဇာဘိုင်ဂျန်သမ္မတ Ilham Aliyev နှင့် အာမေးနီးယား ဝန်ကြီးချုပ် Nikol Pashinyan တို့သည် သောကြာနေ့ (ဩဂုတ် ၈) တွင် အိမ်ဖြူတော်၌ကျင်းပမည့် သုံးပွင့်ဆိုင် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ကာ ငြိမ်းချမ်းရေးစာချုပ်ကို လက်မှတ်ရေးထိုးမည်ဟု ကြေညာခဲ့သည်။ "အမေရိကန်သည် စီးပွားရေးအခွင့်အလမ်းများ အတွက် အဆိုပါနိုင်ငံနှစ်နိုင်ငံနှင့် နှစ်နိုင်ငံသဘောတူညီချက်များကိုလည်း လက်မှတ်ရေးထိုးမည်" ဟု ၎င်းက ကြာသပတေးနေ့ (ဩဂုတ် ၇) တွင် Truth Social ၌ ရေးသားခဲ့သည်။

ရိုက်တာသတင်းဌာန၏ ဖော်ပြချက်အရ ငြိမ်းချမ်းရေးမူဘောင်တွင် တောင်ကော့ကေးဆပ်ဒေသကို ဖြတ်သန်းသည့် အဓိက လမ်းကြောင်း အတွက် အမေရိကန်၏ သီးသန့်နှင့် ရေရှည်ဖွံ့ဖြိုးရေးအခွင့်အရေးများ ပါဝင်မည်ဖြစ်သည်။ ယင်းလမ်းကြောင်းကို "Trump Route for InternationalPeace and Prosperity (TRIPP)" အဖြစ် အမည်ပေးမည်ဟု သတင်းဌာန က ရေးသားခဲ့သည်။

ရိုက်တာက TRIPP လမ်းကြောင်းကို အာမေးနီးယားဥပဒေများနှင့်အညီ လုပ်ငန်းဆောင်ရွက်မည်ဖြစ်ပြီး အမေရိကန်က မြေယာကိုစီမံခန့်ခွဲရန် လုပ်ငန်းစုတစ်ခုထံ ငှားရမ်းမည်ဟု ဖော်ပြခဲ့သည်။

အစောပိုင်းက ဘာကူသည် တူရကီနှင့်နယ်နိမိတ်ချင်းထိစပ်နေသော အဇာဘိုင်ဂျန်၏ Nakhchivan နယ်မြေကို ပင်မအဇာဘိုင်ဂျန်နှင့်ချိတ်ဆက်ရန် အာမေးနီးယား၏ Syunik ပြည်နယ်မှတစ်ဆင့် 'Zangezur corridor' ဖန်တီးရန် အဆိုပြုခဲ့ဖူးပြီး ယေရေဗန်က ကာလရှည်ကြာစွာ ကပင် ယင်းအဆိုကို ကန့်ကွက်ခဲ့သည်။

လွန်ခဲ့သည့်လအတွင်းက စပိန်သတင်းဌာန Periodista Digital က အာမေးနီးယားသည် ၎င်း၏နယ်မြေရှိ နိုင်ငံရေးအရအရေးပါသော လမ်းကြောင်းတစ်ခုကို အမေရိကန်ထံ တိတ်တဆိတ်လွှဲအပ်ရန် သဘော တူခဲ့ကြောင်း ဖော်ပြခဲ့သည်။ ယေရေဗန်က နောက်ပိုင်းတွင် အဆိုပါ သတင်းကို တရားဝင်ငြင်းဆိုခဲ့ပြီး "ဟိုက်ဘရစ်စစ်ပွဲနှင့် မဟုတ်မှန်သော ဝါဒဖြန့်ချိမှုများ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်"ဟု ဝေဖန်ခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂