တင်းမာမှုများ မြင့်တက်လာနေသော်လည်း ပြည်သူများကို တတိယကမ္ဘာစစ်နှင့် ခြိမ်းခြောက်ရန်မလိုဟု ပူတင်ဆို

News Image

  • တင်းမာမှုများ မြင့်တက်လာနေသော်လည်း ပြည်သူများကို တတိယကမ္ဘာစစ်နှင့် ခြိမ်းခြောက်ရန်မလိုဟု ပူတင်ဆို

လက်ရှိအခြေအနေတွင် ကမ္ဘာတစ်ဝန်း၌ တင်းမာမှုများ မြင့်တက်လာလျက်ရှိနေသော်လည်း ပြည်သူများကို တတိယကမ္ဘာစစ်နှင့် ခြိမ်းခြောက်ရန် မလိုအပ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က Russia 1 TV သတင်းဌာနနှင့် အင်တာဗျူးတွင်ပြောသည်။

ရုရှားနှင့်ယူကရိန်းတို့၏ ပဋိပက္ခကြားတွင် အမေရိကန်က ပိုမိုဝင်ရောက်လာမှုသည် တတိယကမ္ဘာစစ်ကြီးက စနှင့်နေပြီးဖြစ်သည်ဟု ဆိုလိုနိုင်မည်လားဟူသော သတင်းထောက်၏ မေးခွန်းကို ပူတင်က ယခုကဲ့သို့ပြန်ဖြေခြင်း ဖြစ်သည်။

တင်းမာမှုများ မြင့်တက်လာနေသည်မှာမှန်သော်လည်း တတိယကမ္ဘာစစ်ဟူသောအသုံးအနှုန်းဖြင့် ပြည်သူများကိုစိုးရိမ်ထိတ်လန့်မှုများ မရှိစေလိုကြောင်း၊ ထို ကဲ့သို့သောတင်းမာမှုများကို ရုရှားကိုမလိုလားသော အဖွဲ့အစည်းများက လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ပူတင်ကပြောသည်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ၎င်း၏သမ္မတသက်တမ်း နောက်ဆုံးနေ့ရက်များတွင် ယူကရိန်းသို့စစ်လက်နက်များ အမြောက်အမြား တင်ပို့ရန် စီစဉ်ထားမှုနှင့်ပတ်သက်၍ သတင်းထောက်၏ ပြောဆိုမှုအပေါ် ပူတင်က ယခုကဲ့သို့သတိပေးပြောဆိုခြင်းဖြစ်သည်။

ထို့ပြင် ရုရှားနိုင်ငံသည် အနောက်အုပ်စု၏ မည်ကဲ့သို့သောခြိမ်းခြောက်မှုမျိုးကိုမဆို လက်တုံ့ပြန်သွားမည်ဖြစ်ကြောင်း၊ ရုရှားအနေဖြင့် အမေရိကန်နှင့် မဟာမိတ်များနှင့် ဆက်ဆံရေးပြန်တည်ဆောက်ရန် အသင့်ရှိနေသော်လည်း ရုရှား၏ အကျိုးစီးပွားကို မထိခိုက်မှသာဖြစ်မည်ဖြစ်ကြောင်း ပူတင်က ပြောထားသည်။

Source: Myawady Web Portal