ထိန်းချုပ်ဒေသတွင် တအာင်း (ပလောင်) (၁၉) ရာခိုင်နှုန်းကျော်သာ ရှိသော TNLA တို့ ကျည်ဝယ် ခက်နေသည့်အပြင် မီးဝိုင်းနေ

News Image

  • ထိန်းချုပ်ဒေသတွင် တအာင်း (ပလောင်) (၁၉) ရာခိုင်နှုန်းကျော်သာ ရှိသော TNLA တို့ ကျည်ဝယ် ခက်နေသည့်အပြင် မီးဝိုင်းနေ

ထိန်းချုပ်ဒေသတွင် တအာင်း (ပလောင်) တိုင်းရင်းသား (၁၉) ရာခိုင်နှုန်း ကျော်သာရှိသော TNLA တို့ ကျည်ဆန်ဝယ်ရခက်နေသည့်အပြင် နယ်မြေ အရလည်း မီးဝိုင်းနေပြီဖြစ်ကြောင်း NP News က စုံစမ်းမေးမြန်းချက် များနှင့် အချက်အလက်များအရသိရသည်။ ယခင် မိတ်ဖက်အဖွဲ့အစည်း များနှင့် နယ်မြေအငြင်းပွားကာ အချိန်မရွေး လက်နက်ကိုင်ပဋိပက္ခ အဆင့် ရောက်နိုင်သည့်အပြင် TNLA ထိန်းချုပ်ဒေသများတွင် တိုင်းရင်းသား ပေါင်းစုံ ရှိနေပြီး ယင်းအဖွဲ့၏ ကျောရိုးဖြစ်သော တအာင်း (ပလောင်) တိုင်းရင်းသား မှာ (၁၉ ဒသမ ၉)ရာခိုင်နှုန်းသာရှိနေပြီး တ‌အာင်းစာကို ရုံးသုံးဘာသာ ပြောင်းလိုက်ခြင်းနှင့် အခြားတိုင်းရင်းသားများ၏ လက်ခံအသိအမှတ် ပြုမှုကလည်း စိန်ခေါ်မှုဖြစ်နေသည်ဟု ISP Myanmar ၏ အချက်အလက် များအရ သိရသည်။ 

တစ်ဖက်တွင်လည်း TNLA တို့ထိန်းချုပ်ရာ နောင်ချိုမြို့ကို တပ်မတော် က သိမ်းပိုက်နိုင်ခဲ့သည့် အပြင် တပ်မတော်၏ ထိုးစစ်ကြောင့် အခက် တွေ့နေရသည်သာမက မန္တလေးတိုင်းဒေသကြီးအတွင်းက ၎င်းတို့ လက်ဝေခံ တပည့်ဖြစ်သော MDY-PDF နှင့် လည်း သပိတ်ကျင်းမြို့ကို ထိန်းချုပ်ခြင်းအပါအဝင် အခြားထိုးစစ်များဖြင့် ပိတ်ဆို့ထားနိုင်ခဲ့သည်။ လက်ရှိ တပ်မတော်၏ထိုးစစ် အားကောင်းလာခြင်းနှင့်အတူ လူထု ထောက်ခံမှု ကျဆင်းနေသည့် TNLA အနေဖြင့် ၎င်းတို့ထိန်းချုပ်ထားသော မြို့များကို စွန့်လွှတ်ကာ လာရင်းဒေသသို့ပြန်ရတော့မည် ဖြစ်ကြောင်း သုံးသပ်ခြင်း များလည်းရှိနေသည်။ 

ထို့ပြင် TNLA ထောက်ခံသူများဘက်မှ ထွက်ပေါ်လာသော သတင်းအချို့ အရ ရှေ့တန်းတွင် တိုက်ပွဲဝင်နေသော ၎င်းတို့၏ တပ်ဖွဲ့ဝင်များအတွက် လက်နက်ဖြည့်တင်းမှု မလုပ်နိုင်တော့ကြောင်း သိရသည်။ ယင်းသို့ အခြေအနေကြားတွင် ယခင်လက်နက်ဝယ်လက်ဖြစ်သော MNDAA နှင့် UWSA တို့ထံမှ လက်နက်ဝယ်မရတော့သည့် အခြေအနေကို ရင်ဆိုင်နေ ရကြောင်း TNLA နှင့်ပတ်သက်၍ NP News သို့ အစဉ်တစိုက် သုံးသပ် ပြောကြားပေးခဲ့သူ တပ်မတော်အရာရှိဟောင်း ဦးခိုင်ဇော်ကပြောသည်။

“တစ်အချက်က ကျည်ဆန်မရှိဘူး။ ခဲယမ်းပြတ်နေပြီ။ အရင်တုန်းက ကိုးကန့်ကရောင်းပါသည်။ ကိုးကန့်ကို တရုတ်ကဖိအားပေးလိုက်သော အခါ ပြီးခဲ့သည့်တစ်လခွဲ နောင်ချိုမသိမ်းခင်က ကိုးကန့်က ၎င်းကို (ခဲယမ်း) ပေးလိုက်ပါသည်။ တော်တော်များများပေးလိုက်ပါသည်။ သို့ပေမဲ့ ယခု တစ်ခေါက် ထပ်တောင်းတော့ ကိုးကန့်က ခဲယမ်းမပေးတော့ပါ။ “ပေးတယ်” ဆိုသည်မှာ မရောင်းချင်၍ ဖြစ်ပါသည်။ ယခုတစ်ခါတော့ ဘာမျှကို မပေး တော့ပါ။ ကိုးကန့်ရော၊ “ဝ”ရော ခဲယမ်းမရောင်းတော့ပါ”ဟု ၎င်းက ပြောသည်။ တစ်ဖက်တွင် လက်နက်စက်ရုံရှိသည်ဟု ဆိုသော KIA ထံမှ လက်နက်ဝယ်ယူရန် စဉ်းစားပါ ကလည်း PDF များနှင့် AA ကို လက်နက် မျှပေးနေရသည့်အပြင် ဗန်းမော်တွင် မီးကုန်ယမ်းကုန် ကျည်ဆန် သုံးထား ရသည့်အခြေအနေဖြစ်ကြောင်း ဦးခိုင်ဇော်ကပြောသည်။

“ဒီကောင်တွေ ဆုတ်မှာ၊ ဆုတ်မှာ။ အေးဆေး ဆုတ်ရမှာပါ” ဟု ၎င်းက ဆိုသည်။ တစ်ဖက်တွင် TNLA တပ်ဖွဲ့ ဝင်များအတွင်း စိတ်ဓာတ် ကျဆင်းမှု များရှိနေပြီး အလင်းဝင်လိုသူလည်း များပြားနေကြောင်း ဦးခိုင်ဇော် က ပြောသည်။ “ကျွန်တော့် စည်းရုံးရေးနယ်မြေမှာကို လက်ခံထားတာ (၁၈) ယောက်ရှိပါသည်။ နောက်ထပ် (၁၃)ယောက်ကလည်း စောင့်နေပါသည်။ မသွားနိုင်သေး၍ ဖြစ်ပါသည်။ ကျွန်တော်တစ်ယောက်တည်းကို အယောက် (၃၀)လောက်ဖြစ်နေပြီ”ဟု ဦးခိုင်ဇော်ကဆိုသည်။ ယခုလအတွင်း တပ်မတော်နှင့် TNLA တို့ တရုတ်နိုင်ငံတွင် ဆွေးနွေးဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်နေပြီး ငြိမ်းချမ်းရေးကို တရုတ်နိုင်ငံက ကမကထ ပြုနေသော်လည်း TNLA ခေါင်းဆောင် တာဘုန်းကျော် ကိုယ်တိုင်ကပင် တရုတ်ကို ဝေဖန်ပြောကြားချက်များကို ၎င်း၏ လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ် စာမျက်နှာထက်တွင်ရေးသားထားသည်။

ထို့ပြင် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တိုက်ပွဲများမဖြစ်ပွားစေရေးအတွက် TNLA အပေါ် တရုတ်၏ဖိအားပေးခြင်းကလည်း ကြီးမားနေကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့ ဖူးသော်လည်း ၎င်းတို့၏ စိတ်ဓာတ်ပျက်ပြားနေခြင်းနှင့် ထိန်းချုပ်နယ်မြေ တွင် ဒေသခံတိုင်းရင်းသားများကို အနိုင်အထက်ပြုနေခြင်းကို ထုတ်ဖော် ပြောကြားခြင်းမရှိပေ။

ကိုးကား- NP News