တန့်ဆည်မြို့နယ်ရှိ ကျေးရွာအချို့တွင် PDF တို့အတွက် ပြည်သူများက ကင်းပြန်စောင့်ပေးနေရ
တန့်ဆည်မြို့နယ်မှကျေးရွာအချို့တွင် PDF တို့က စိတ်ထင်ရာလုပ်သည့် အပြင် ပြည်သူများက ကင်းပြန်စောင့်ပေးနေရကြောင်း ဒေသခံများက NP News ထံ ဆက်သွယ်ပြောဆိုလာသည့် အချက်အလက်များအရ သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်ရှိ PDF ကြီးစိုးသည့် ကျေးရွာများတွင် PDF အဖွဲ့က ၎င်းတို့၏လုပ်ရပ်များကိုမထောက်ခံသည့် ဒေသခံများ အပါအဝင် တပ်မတော်သားများ၊ CDM မလုပ်သည့် ဌာန ဆိုင်ရာဝန်ထမ်းများနှင့် ဆွေမျိုးတော်စပ်သူများကိုဖမ်းဆီး၍ အစဖျောက် ခြင်းများ လုပ်ဆောင်နေကြောင်းသိရသည်။
“ဖမ်းချင်သည့်လူကိုလည်း အချိန်မရွေးလာ ဖမ်းပါသည်။ ဖမ်းပြီးပါက အစအနလည်းပေါ်မလာပါ။ သတင်းလည်းမရတော့ပါ။ ဆရာမ အမျိုး ရှိသည့် လူလည်းဖမ်းပါသည်။ တပ်ကအမျိုးရှိသည့်လူလည်းဖမ်းပါသည်။ ယခုလည်း (၁၂) ယောက် ဖမ်းမည်ဟု သတင်းလွှင့်ထားပါသည်။ ပြေးဖို့ ကလည်း နေရာကမရှိတော့ ၎င်းတို့၏လက်အောက်မှာပဲ အဆင်ပြေသလိုနေနေရသည်များရှိပါသည်။ ပြန်ပြောပါက ပြန်ပြောသည်နှင့် ထိပ်တုံးခတ် ပါသည်။ ပိုက်ဆံကောက်ပါသည်။ ၎င်းတို့ကိုမကြိုက်သည့်လူဆို ဖမ်းပြီး မည်သည့်နေရာပို့လိုက်မှန်းမသိပါ။ ၎င်းတို့ဖမ်းသည့်လူများတွင် အသက် (၇၀)ကျော်တွေ လည်းပါပါသည်”ဟု ဒေသခံတစ်ဦးက NP News သို့ ပြောသည်။
ယခင်က ကျွဲသတ်၊ နွားသတ် လုပ်ကိုင်ခဲ့သူတစ်ဦးက ကျေးရွာ ရန်ပုံငွေ ဖြင့် သေနတ်ဝယ်ကာ PDF အဖွဲ့ခေါင်းဆောင်အဖြစ် ဆောင်ရွက်နေပြီး ဒေသခံများထံမှ အကြောင်းအမျိုးမျိုးပြကာ ငွေကြေးများ ကောက်ခံနေကြောင်း လည်းသိရသည်။ ထို့ပြင် ၎င်းတို့၏ခေါင်းပုံဖြတ် အနိုင်ကျင့်ခံရမှုများကြောင့် ဒေသခံများနေရပ်စွန့်ခွာတိမ်းရှောင်နေရပြီး မတိမ်းရှောင်နိုင်သူများအနေဖြင့် ၎င်းတို့၏ ခိုင်းစေခြင်းများကိုလည်း ဆောင်ရွက်ပေးနေရကာညစဉ် အဖွဲ့ခေါင်းဆောင်ဆိုသူ၏နေအိမ်ကို ဒေသခံပြည်သူများကကင်းစောင့်ပေးနေရသောဖြစ်စဉ် ရှိနေကြောင်း သိရသည်။ “ယခင်က ကျွဲသတ်၊ နွားသတ်၊ ဝက်သတ်သည့်သူက ယခု ခေါင်းဆောင်လုပ်ပြီး ပိုက်ဆံကောက်၊ အရင်က ရွာ၏ရန်ပုံငွေရှိပါသည်။ အဆိုပါငွေဖြင့် သေနတ်ဝယ်ပြီး ထိုသေနတ်ကို ပြန်ရောင်းစားပါသည်။ နောက်ထပ် လက်နက်ဖိုး၊ ကျည်ဖိုး ဘာဖိုး ညာဖိုး အကုန် ရွာထဲကပဲ ပြန်ကောက် ပါသည်။ လယ်ယာရှိသည့်လူဆို လယ်ယာရှိ၍ ပိုကောက်ပါသည်။ နွား ရှိပါက နွားရှိလို့၊ လှည်းရှိပါက လှည်းရှိလို့ဆိုပြီး ကောက်ချင်သလောက် ကောက်ပါသည်။ မပြောင်းနိုင်သည့် လူများနေခဲ့ ရပါသည်။ ပြောင်းနိုင် သည့်လူကနည်းပါသည်။ ရွာကိုပြန်လာလျှင်လည်း ရွာဝင်ကြေး ပေးရ ပါသည်။
တချို့ကလေးတွေကို တခြားမှာကျောင်းသွားထားတာ။ အဲဒါကို ရွာကို ပြန်ခေါ်ဖို့ အမိန့်တွေထုတ်ပါသည်။ ပြန်လာလျှင်လည်း ရွာဝင်ဖို့အတွက် ရွာဝင်ကြေးတွေတောင်းပါသည်။ (၁၅) သိန်း၊ သိန်း (၂၀)။ ၎င်းတို့တောင်းသလောက်ပေးရပါသည်။ ထမင်းပေးဆိုလည်းပေးရပါသည်။ ၎င်းတို့ခိုင်းသမျှလည်းလုပ်ရပါသည်။ ၎င်းတို့နေသည့်အိမ်ကို ကင်းစောင့် ရပါသည်။ ခေါင်းဆောင်နေသည့်အိမ်ကို ကင်းစောင့်ပေးရပါသည်။ ရွာထိပ်မှာ စောင့်ရခြင်းမဟုတ်ပါ။ ပြည်သူများက စောင့်ပြီးနေပေးရခြင်း ဖြစ်ပါသည်။ တစ်ညမျှ လည်းမပျက်ပါ။ ပြည်သူ့အတွက်ဟု ပြောသော်လည်း ပြည်သူက ကင်းပြန်စောင့်နေရပါသည်”ဟု ၎င်းက ဆက်ပြောသည်။
ကိုးကား- NP News