ဆီးရီးယားအစိုးရသစ်က နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဝန်ကြီးများ ခန့်အပ်

News Image

  • ဆီးရီးယားအစိုးရသစ်က နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဝန်ကြီးများ ခန့်အပ်

ဆီးရီးယားအုပ်ချုပ်သူများက သမ္မတ Bashar al-Assad အစိုးရကို ဖြုတ်ချခဲ့သည့်အုပ်စုနှင့်ဆက်စပ်နေသောသူများကို နိုင်ငံခြားရေးနှင့်ကာကွယ်ရေးဝန်ကြီးများအဖြစ် ခန့်အပ်လိုက်ပါသည်။

Hayat Tahrir al-Sham (HTS) သူပုန်အဖွဲ့ ခေါင်းဆောင် Abu Mohammed al-Jolani သည် ယာယီအစိုးရ၏ ဝန်ကြီးအဖွဲ့သစ် ဖွဲ့စည်းရန် အစပျိုးလုပ်ဆောင်နေကြောင်း ယူဆရပါသည်။

အသက် ၃၇ နှစ်အရွယ် Assad Hassan al-Shibani ကို ဒီဇင်ဘာ ၂၁ ရက်နေ့တွင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ပါသည်။ ၎င်းသည် ယခင်က HTS နှင့်ဆက်နွှယ်နေသော အဖွဲ့တစ်ဖွဲ့၏ နိုင်ငံရေးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၎င်းသည် တူရကီတွင် ပညာသင်ယူခဲ့သူလည်း ဖြစ်ပါသည်။

အသစ်ခန့်အပ်လိုက်သည့် ကာကွယ်ရေးဝန်ကြီးသည် HTS ၏ အကြီးတန်းအဖွဲ့ဝင် Murhaf Abu Qasra ဖြစ်သည်ဟု Reuters သတင်းဌာနနှင့် အခြားမီဒီယာ များတွင် ဖော်ပြထားသည်။

ဒီဇင်ဘာ ၁၉ ရက်နေ့တွင် ဆီးရီးယားအစိုးရပိုင် သတင်းဌာနက ကာကွယ်ရေးဝန်ကြီးသစ်နှင့် မစ္စတာ Jolani တို့ လက်နက်ကိုင်အုပ်စုများ၏ ခေါင်းဆောင်များနှင့်တွေ့ဆုံခဲ့သည့် ဓာတ်ပုံကို ထုတ်ပြန်ခဲ့ပါသည်။ အစိုးရသစ်အတွက် တပ်ဖွဲ့များ ဖွဲ့စည်းရေး ဆွေးနွေး ခဲ့သည်ဟု အဆိုပါသတင်းတွင် ဖော်ပြခဲ့သည်။

အားလုံးပါဝင်သည့် အစိုးရတစ်ရပ်ကို ဖွဲ့စည်းမည် ဆိုပါက HTS ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားခြင်းမှ ဖယ်ရှားပေးမည်ဟု အမေရိကန် တာဝန်ရှိ သူများက မစ္စတာ Jolani ကို ပြောကြားခဲ့သည်ဟု Washington Post က သတင်းဖော်ပြခဲ့ပါသည်။

နိုင်ငံတကာအသိုက်အဝန်းက တောင်းဆိုထားသည့်အတိုင်း လူနည်းစုများနှင့် အမျိုးသမီးအဖွဲ့ဝင်များပါဝင်သည့် အမျိုးသားပြန်လည်သင့်မြတ်ရေး အစိုးရအဖွဲ့ကို ယာယီအစိုးရက ဖွဲ့စည်းနိုင်မည်လားဆိုသည်ကို အများက အာရုံစိုက်နေကြပါသည်။

ကိုးကား-NHK World