အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် က အာဂျင်တီးနားအသင်းနှင့် အင်တာမိုင်ယာမီ အသင်းခေါင်းဆောင် မက်ဆီကို သမ္မတ ဂုဏ်ထူးဆောင်ဆု ချီးမြှင့်အပ်နှင်း
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က အာဂျင်တီးနား အသင်းနှင့် အင်တာမိုင်ယာမီ အသင်းခေါင်းဆောင် မက်ဆီကို သမ္မတဂုဏ်ထူးဆောင်ဆုဖြစ်သည့် Presidential Medal of Freedom Award ဆု ချီးမြှင့်အပ်နှင်းခဲ့ကြောင်း သိရသည်။
Presidential Medal of Freedom Award သည် အမေရိကန်နိုင်ငံ၌ အရပ်သားများကို ပေးအပ်သည့် ဂုဏ်ပြုဆုများတွင် အမြင့်ဆုံး ဆုတံဆိပ်ဖြစ်ပြီး မက်ဆီနှင့်အတူ စုစုပေါင်း ၁၇ ဦးကို ချီးမြှင့်အပ်နှင်းခဲ့ခြင်းဖြစ်ကာ ဘောလုံးကစားသမားများတွင် မက်ဆီတစ်ဦးတည်းသာ ပါဝင်ခဲ့ခြင်းဖြစ်သည်။
အသက် ၃၇ နှစ်အရွယ် မက်ဆီသည် ၂၀၂၃ ခုနှစ် ဇူလိုင်လက ပီအက်စ်ဂျီ အသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးခဲ့ကာ အင်တာမိုင်ယာမီအသင်းသို့ အလွတ် ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့ကစားခဲ့ပြီးနောက် အသင်းနှင့်အတူ ပထမဆုံးဘောလုံးရာသီတွင် ပြိုင်ပွဲစုံ-၁၄ ပွဲသာ ပါဝင်ကစားခွင့်ရရှိခဲ့သော်လည်း ၁၁ ဂိုး သွင်းယူနိုင်ခဲ့ပြီး အသင်းနှင့်အတူ ရှုံးထွက်ဖလား ဆွတ်ခူးနိုင်သကဲ့သို့ Open Cup ပြိုင်ပွဲတွင်လည်း ဗိုလ်လုပွဲအဆင့်ထိ တက်ရောက်နိုင်ခဲ့သည်။
အလားတူ မက်ဆီသည် ယခုဘောလုံးရာသီတွင်လည်း အသင်းနှင့်အတူ အကောင်းဆုံး ခြေစွမ်းပြနိုင်ကာ မေဂျာလိဂ်ပြိုင်ပွဲ (အရှေ့ပိုင်းဇုန်)၌ ရမှတ် ၇၄ မှတ်ဖြင့် အမှတ်ပေးဖလားပြိုင်ပွဲတွင် အဆင့်(၁) နေရာ၌ ရပ်တည်နိုင်သကဲ့သို့ ပြိုင်ပွဲသမိုင်း တစ်လျှောက်ရမှတ် အများဆုံးဖြင့် အဆင့်(၁) နေရာ၌ ရပ်တည်နိုင်သည့် အသင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။
မက်ဆီအနေဖြင့် အင်တာမိုင်ယာမီအသင်းတို့ ပြောင်းရွှေ့ကစားပြီးနောက် မက်ဆီနှင့်အသင်းဖော်ဟောင်းများဖြစ်ပြီး ဥရောပထိပ်တန်းကစားသမားများဖြစ်သည့် ဆွာရက်ဇ်၊ ဘတ်စ်ကွက်နှင့် အယ်ဘာတို့လည်း ပြောင်းရွှေ့ကစားပြီးနောက် မေဂျာလိဂ်ပြိုင်ပွဲမှာလည်း ပရိတ်သတ်စိတ်ဝင်စားမှုမြင့်တက်လာခြင်းဖြစ်သည်။
မက်ဆီသည် အင်တာမိုင်ယာမီအသင်းသို့ ပြောင်းရွှေ့ကစားပြီးနောက် ၎င်းအနေဖြင့် အမေရိကန်ဘောလုံးလောကကို စိတ်ဝင်စားမှုမြင့်တက်အောင် စွမ်းဆောင်ပေးနိုင်သည့်အတွက် သမ္မတဂျိုးဘိုင်ဒင်က သမ္မတဂုဏ်ထူးဆောင်ဆုချီးမြှင့်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Ref: Fotmbo
Source: Myawady Daily Newspaper