မလေးရှားသည် ၂၀၂၄ ခုနှစ်တွင် HMPV ဖြစ်ပွားမှု ၃၂၇ ခုကို မှတ်တမ်းတင်ခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာနက ပြည်သူများသတိရှိကြရန်တိုက်တွန်း

News Image

  • မလေးရှားသည် ၂၀၂၄ ခုနှစ်တွင် HMPV ဖြစ်ပွားမှု ၃၂၇ ခုကို မှတ်တမ်းတင်ခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာနက ပြည်သူများသတိရှိကြရန်တိုက်တွန်း

မလေးရှားနိုင်ငံတွင် ၂၀၂၄ ခုနှစ်တွင် human metapneumovirus (HMPV) ကူးစက်မှု ၃၂၇ ခု တွေ့ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ဖြစ်ပွားမှု ၂၂၅ ခု ထက် ၄၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။

Pneumoviridae ဗိုင်းရပ်စ်အမျိုးအနွယ်ဖြစ်ပြီး HMPV သည် ဗိုင်းရပ်စ်အသစ်ကြောင့်ဖြစ်သော ရောဂါမဟုတ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၄ ရက်တွင် ပြောကြားခဲ့သည် ။

HMPV ဗိုင်းရပ်စ်ကူးစက်ခံရသူများသည် သာမန် အအေးမိခြင်းနှင့်ဆင်တူသော လက္ခဏာများ ခံစားရတတ်သော်လည်း ပိုပြင်းထန်သည့် အခြေအနေများတွင် လည်ချောင်းနာခြင်း သို့မဟုတ် အဆုတ်ရောင်ခြင်းအထိ ဖြစ်လာနိုင်သည်။

အထူးသဖြင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများဖြစ်သောကြောင့် ပြည်သူများသတိရှိကြရန် ဝန်ကြီးဌာနက တိုက်တွန်းထားသည်။

လက်ကိုဆပ်ပြာဖြင့် မကြာခဏ ဆေးကြောရန်၊ mask တပ်ကာ ချောင်းဆိုးနှာချေသည့်အခါ ပါးစပ်နှင့် နှာခေါင်းကိုအုပ်ထားရန် အကြံပြုထားသည်။

အများပြည်သူများအနေဖြင့် ၎င်းတို့ ကျန်းမာရေးကိုဂရုစိုက်ပြီး အထူးသဖြင့် အလုံပိတ်အခန်းများနှင့် လူစည်ကားသည့်နေရာများတွင် တခြားသူများကို ကူးစက်မှုကနေကာကွယ်ရန် အကြံပြုထားကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယခုနှစ်အစနှင့် နှစ်ကုန်တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မှုမြင့်တက်လာမှုသည် မျှော်လင့်ထားသည့် ဖြစ်စဉ်တစ်ခုဖြစ်ပြီး အထူးသဖြင့် တရုတ်နိုင်ငံကဲ့သို့ အေးသော ရာသီဥတုရှိသောနိုင်ငံများတွင် ဖြစ်ပွားတတ်ကြောင်း မလေးရှားကျန်းမာရေးဝန်ကြီးဌာနက ထပ်လောင်းပြောကြားခဲ့သည်။

ကိုးကား - THE STRAITS TIMES