ဝက်စ်ဟမ်းအသင်းက နည်းပြသစ်အဖြစ် ကလပ်အသင်း လက်မဲ့ဖြစ်နေသည့် နည်းပြ ဂရေဟမ်ပေါ်တာကို ခန့်အပ်ဖွယ်ရှိ
ဝက်စ်ဟမ်းအသင်းက ယခုဘောလုံးရာသီတွင် ရလဒ်များ ဆက်တိုက်ဆိုးရွားနေသည့်အတွက် နည်းပြ လိုပက်တယ်ဂူရီကို နည်းပြရာထူးမှထုတ်ပယ်ပြီးနောက် နည်းပြသစ်အဖြစ် ချယ်လ်ဆီးအသင်းနှင့်လမ်းခွဲခဲ့ပြီး ကလပ်အသင်း လက်မဲ့ဖြစ်နေသည့် နည်းပြ ဂရေဟမ်ပေါ်တာကို ခန့်အပ်ဖွယ် ရှိနေကြောင်း သိရသည်။
ဝက်စ်ဟမ်းအသင်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ပွဲစဉ်(၂၀)အပြီးတွင် ခြောက်ပွဲသာအနိုင်ရရှိပြီး ငါးပွဲ သရေရလဒ်နှင့် ကိုးပွဲရှုံးနိမ့်ကာ ရမှတ် ၂၃ မှတ်ဖြင့် အမှတ်ပေးဇယား အဆင့်(၁၄)နေရာ၌ ရပ်တည်နေ သည့်အတွက် ဝက်စ်ဟမ်းအသင်း တာဝန်ရှိသူများက နည်းပြကိုထုတ်ပယ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
အသက် ၄၉ နှစ်အရွယ် နည်းပြ ဂရေဟမ်ပေါ်တာသည် ဘရိုက်တန်အသင်းကို ၂၀၁၉ ခုနှစ်မှ ၂၀၂၂ ခုနှစ် စက်တင်ဘာလအထိ တာဝန်ယူကိုင်တွယ်ခဲ့ရာတွင် ရလဒ်ကောင်းများ ရရှိအောင် စွမ်းဆောင် ပေးနိုင်ခဲ့သော်လည်း ၂၀၂၂ ခုနှစ် စက်တင်ဘာလက ဘရိုက်တန်အသင်းနှင့် လမ်းခွဲခဲ့ပြီး ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ခဲ့ကာ ရလဒ်ကောင်းအောင် စွမ်းဆောင်နိုင်ခြင်း မရှိသည့်အတွက် ၂၀၂၃ ခုနှစ် ဧပြီလက ချယ်လ်ဆီးအသင်း နည်းပြရာထူးမှ ထုတ်ပယ်ခံခဲ့ရပြီးနောက် လက်ရှိအချိန်ထိ ကလပ်အသင်း လက်မဲ့ဖြစ်နေခြင်း ဖြစ်သည်။
ဝက်စ်ဟမ်းအသင်းက ဇန်နဝါရီလ ၁၁ ရက်တွင် အက်ဖ်အေဖလားပွဲစဉ်အဖြစ် အက်စ်တွန်ဗီလာအသင်း နှင့်ကစားရမည်ဖြစ်ပြီး အဆိုပါ ပွဲစဉ်မတိုင်မီ နည်းပြ သစ်ခန့်အပ်ရန် ကြိုးပမ်းနေကြောင်း သိရသည်။
Source: Myawady Webportal