Trump ၏ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တရုတ်သမ္မတ Xi Jinping က အဆင့်မြင့်သံတမန်စေလွှတ်မည်ဟု Financial Times က ဖော်ပြ
တရုတ်နှင့်အမေရိကန်တို့အကြား ပွတ်တိုက်မှုများ လျော့ကျစေရန် ရည်ရွယ်လုပ်ဆောင်သည့်အနေဖြင့် တရုတ်သမ္မတ Xi Jinping သည် Donald Trump ၏ အမေရိကန်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲသို့ အဆင့်မြင့် သံတမန်တစ်ဦး စေလွှတ်မည်ဖြစ်ကြောင်း Financial Times သတင်းစာတွင် ဖော်ပြထားပါသည်။
မစ္စတာ Xi အစား ထိပ်တန်းအရာရှိတစ်ဦး တက်ရောက်မည်ဖြစ်ကြောင်း တရုတ်အစိုးရက Trump ၏ အသွင်ကူးပြောင်းရေးဆိုင်ရာအဖွဲ့ကို အကြောင်းကြားခဲ့သည်ဟု ၎င်းသတင်းစာက ဆိုပါသည်။
မစ္စတာ Trump က ဇန်နဝါရီ ၂၀ ရက် ကျမ်းသစ္စာ ကျိန်ဆိုပွဲတက်ရောက်ရန် တရုတ်သမ္မတကို ဖိတ်ကြားခဲ့ကြောင်းသိရှိရသည်။
မစ္စတာ Xi သည် ဒုတိယသမ္မတ Han Zheng သို့မဟုတ် နိုင်ငံခြားရေးဝန်ကြီး Wang Yi ကို စေလွှတ်နိုင်ကြောင်း Financial Times က ဖော်ပြခဲ့ပါသည်။
မစ္စတာ Trump ၏ အကြံပေးအချို့က မစ္စတာ Cai Qi ကို တက်ရောက်စေလိုသည်ဟု ၎င်းသတင်းစာက ဖော်ပြပါ သည်။ မစ္စတာ Cai သည် တရုတ်ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရို အမြဲတမ်းကော်မတီအဖွဲ့ဝင်ဖြစ်ပြီး မစ္စတာ Xi ၏ အနီးကပ်ဆုံး လက်ထောက်တစ်ဦးဖြစ်ပါသည်။
အမေရိကန်နှင့်တရုတ်အကြား ကုန်သွယ်ရေးတွင် တင်းမာမှုများ ဆိုးဆိုးရွားရွားမြင့်တက်လာနိုင်ခြေကို ကြုံနေရခြင်းအတွက် တရုတ်အစိုးရအနေဖြင့် ပွတ်တိုက်မှုများကို လျော့ကျစေရန် လွန်စွာလိုလားနေသည်ဟုလည်း ဖော်ပြထားပါသည်။ မစ္စတာ Trump က ၎င်းသမ္မတဖြစ်လာသည်နှင့် တရုတ်သွင်းကုန်များအပေါ် အခွန်တိုးကောက်မည်ဟု အရိပ်အမြွက်ပြောထားပါသည်။
ကိုးကား-NHK World