လျှပ်စစ်ဓာတ်အားဖြန့်ဝေပေးရာတွင် အကြမ်းဖက်သမားများ၏ ဖျက်ဆီးမှုများကြောင့် အချို့သော စက်ရုံများမှာ စွမ်းအားပြည့် မလည်ပတ်နိုင်
လျှပ်စစ်ဓာတ်အားဖြန့်ဝေပေးရာတွင် အကြမ်းဖက်သမားများ၏ ဖျက်ဆီးမှုများကြောင့် အချို့သော စက်ရုံများမှာ စွမ်းအားပြည့်ဝစွာလည်ပတ်နိုင်ခြင်း မရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ဇန်နဝါရီ ၁၀ ရက်၊ မွန်းလွဲပိုင်းတွင် မိတ္ထီလာမြို့၊ ကန်တော်မင်္ဂလာခန်းမ၌ မိတ္ထီလာခရိုင်အတွင်းရှိ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ ဆွေးနွေးပြောကြားရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လျှပ်စစ်ဓာတ်အားလိုအပ်ချက်အတွက် မိမိတို့အနေဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မှ ထုတ်ယူသုံးစွဲမှုကို အားပေးဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
မိတ္ထီလာသည် မိုးရွာရက်နည်းသောဒေသဖြစ်သဖြင့် နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲမှုကို အောင်မြင်စွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်း ပြောကြားခဲ့သည်။
နိုင်ငံတော်မှဆောင်ရွက်နေသည့် စီမံကိန်းများရှိသကဲ့သို့ လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့လုပ်ငန်းလိုအပ်ချက်များအလိုက် ဆိုလာစီမံကိန်းများကို ဆောင်ရွက်နိုင်ကြောင်း၊ လျှပ်စစ်ဓာတ်အားဖြန့်ဝေပေးနိုင်မှုနှင့်ပတ်သက်၍ အကြမ်းဖက်သမားများ၏ ဖျက်ဆီးမှုများကြောင့် အချို့သောစက်ရုံများအနေဖြင့် စွမ်းအား ပြည့်ဝစွာ လည်ပတ်နိုင်မှုမရှိခြင်းများ ရှိနေကြောင်း၊ ဓာတ်ငွေ့လိုအပ်ချက်မပြည့်မီမှုများကြောင့်လည်း အခက်အခဲများရှိကြောင်းနှင့် နိုင်ငံတော်မှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ရေအားလျှပ်စစ် စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် ကန့်ကွက်မှုများလည်းရှိကြောင်း၊ ထို့ကြောင့် အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်၍ရသည့် ဆိုလာစနစ်ကို မိမိတို့အနေဖြင့် အားပေးဆောင်ရွက်နေခြင်းဖြစ်ပြီး နိုင်ငံတော်မှ ဆောင်ရွက်လျက်ရှိသကဲ့သို့ လုပ်ငန်းရှင်များအနေဖြင့်လည်း တစ်နိုင်တစ်ပိုင် ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်း ပြောကြားခဲ့သည်။
ကိုးကား-NP News