နှစ်နိုင်ငံကြားအပြန်အလှန် နားလည်မှုနှင့် ယုံကြည်မှုတိုးမြှင့်ရန်အတွက် ဂျပန်နိုင်ငံသို့ တရုတ်ကိုယ်စားလှယ်အဖွဲ့ သွားရောက်မည်
တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်မှ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည် နှစ်နိုင်ငံကြား အပြန်အလှန် နားလည်မှုနှင့် ယုံကြည်မှုတိုးမြှင့်ရန်အတွက် ဂျပန်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၁၃ ရက်တွင် ထုတ်ပြန်သည်။
တရုတ်အရှေ့ပိုင်းစစ်နယ်ဝန်းဌာနချုပ်မှ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဂျပန်နိုင်ငံသို့ ဇန်နဝါရီလ လလယ်ခန့်တွင် သွားရောက်မည်ဖြစ်ပြီး ယင်းခရီးစဉ်အတွင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနမှ ခေါင်းဆောင်များ၊ ဂျပန်တပ်မတော်ပူးတွဲ စစ်ဦးစီးချုပ်တို့နှင့် တွေ့ဆုံမည်ဖြစ်သည်။
ထို့ပြင် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် ယင်းခရီးစဉ်အတွင်း ဂျပန်နိုင်ငံရှိသက်ဆိုင်ရာ တပ်ဖွဲ့များသို့လည်း သွားရောက်လည်ပတ်မည်ဖြစ်သည်။
တရုတ်ကိုယ်စားလှယ်အဖွဲ့၏ အဆိုပါခရီးစဉ်သည် တရုတ်နှင့် ဂျပန်နှစ်နိုင်ငံကြား ကာကွယ်ရေးအရ အပြန်အလှန်ဖလှယ်မှုကို တိုးမြှင့်ရန်ရည်ရွယ်ခြင်း ဖြစ်ကြောင်း သိရသည်။
တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် အရှေ့ပိုင်းစစ်နယ်ဝန်း ဌာနချုပ်သည် အဓိကအားဖြင့် အရှေ့တရုတ် ပင်လယ်၊ တရုတ်နိုင်ငံအရှေ့ပိုင်းနှင့် ထိုင်ဝမ်ရေလက်ကြားတို့၏ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ကြီးကြပ်ကွပ်ကဲသည့် ဌာနချုပ်ဖြစ်ကြောင်း သိရသည်။
Source: Myawady Web Portal