ထိုင်ဝမ်သို့ စစ်လက်နက်ပစ္စည်းများ တိုးမြှင့်ထောက်ပံ့ရောင်းချသွားရန် စီစဉ်နေကြောင်း ထရမ့်၏ လုံခြုံရေးအကြံပေး ပြောကြား
အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်သည် ထိုင်ဝမ်သို့ လက်နက်များနှင့် စစ်ဘက်ဆိုင်ရာပစ္စည်းများတိုးမြှင့်ထောက်ပံ့ရောင်းချပေးသွားရန် စီစဉ်လျက်ရှိကြောင်း ဒေါ်နယ်ထရမ့်၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးအဖြစ် တာဝန်ပေးထားသူ Mike Waltz က ပြောကြားလိုက်ပါသည်။
ထို့ပြင် အာရှ-ပစိဖိတ်ဒေသတွင်းနိုင်ငံများနှင့် မိတ်ဖက်ဆက်ဆံရေးကို တိုးမြှင့်လုပ်ဆောင်သွားရန် ဒေါ်နယ်ထရမ့်က ရည်မှန်းထားကြောင်း ၎င်းက ဆက်လက် ပြောကြားထားပါသည်။
တောင်ကိုရီးယား၊ အမေရိကန်နှင့် ဂျပန်သုံးပွင့်ဆိုင် ပူးပေါင်းရေးကိုသာမက အမေရိကန်၊ ဂျပန်နှင့် ဖိလစ်ပိုင်တို့အကြား မိတ်ဖက်ပူးပေါင်းရေး ကြိုးပမ်း အားထုတ်ခဲ့သည့် ဘိုင်ဒန်အစိုးရအဖွဲ့ကို ထရမ့်ကချီးကျူးပြောဆိုထားပြီး အမေရိကန်-အိန္ဒိယ ဆက်ဆံရေးမှာလည်း အနာဂတ်အတွက် အရေးကြီးသော မိတ်ဖက် ဆက်ဆံရေးဖြစ်ကြောင်း ထရမ့်က မှတ်ချက်ပြုထားပါသည်။
ချန်ကေရှိတ် (၁၈၈၇-၁၉၇၅) ဦးဆောင်သော ကူမင်တန်တပ်များသည် တရုတ်ပြည်တွင်းစစ်၌ ရှုံးနိမ့်ပြီးနောက် ကျွန်းပေါ်သို့ထွက်ပြေးလာကာ ထိုင်ဝမ်ဒေသဆိုင်ရာအုပ်ချုပ်ရေး စတင်ခဲ့သည်။ ပေကျင်းအနေဖြင့် ထိုင်ဝမ်ကို တရုတ်၏ ပြည်နယ်များထဲမှတစ်ခုအဖြစ် သတ်မှတ်ထားပြီး ထိုအချက်ကို ရုရှားအပါအဝင် နိုင်ငံအများစုက ထောက်ခံထားကြသည်။
အမေရိကန်သည် ထိုင်ဝမ်နှင့် တရားဝင်သံတမန် ဆက်ဆံရေးကို ၁၉၇၉ ခုနှစ်တွင် ဖြတ်တောက်ခဲ့ပြီး တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အသိအမှတ်ပြုကာ တရုတ်ပြည်မကြီးနှင့် သံတမန်ဆက်ဆံရေး ထူထောင်ခဲ့သည်။ အမေရိကန်သည် ထိုင်ဝမ်နှင့် သံတမန်ဆက်ဆံရေးဖြတ်တောက်ခဲ့သော်လည်း စစ်လက်နက်များ ဆက်လက်ထောက်ပံ့ပေးခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ တိုင်ပေသို့ အမေရိကန်လက်နက်ထောက်ပံ့ရောင်းချမှု စုစုပေါင်းပမာဏသည် မကြာသေးမီနှစ်များအတွင်း ဒေါ်လာ ၇၀ ဘီလီယံ ကျော်လွန်ခဲ့ကြောင်း သိရပါသည်။
ကိုးကား-TASS
Photo: Mehr News Agency