အာဏာနှင့် ချမ်းသာကြွယ်ဝမှု တစ်နေရာထဲ၌ စုပြုံနေခြင်းကို အမေရိကန်သမ္မတက နှုတ်ဆက်မိန့်ခွန်းတွင် သတိပေး
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် သည် ရာထူးမှဆင်းပြီး ဒေါ်နယ်ထရမ့်အား အာဏာလွှဲပြောင်းပေးရန် ပြင်ဆင်နေချိန်တွင် အလွန်ချမ်းသာသော လူအနည်းငယ်လက်ထဲ၌ အာဏာစုပြုံနေခြင်းကို သတိပေးလိုက်ပါသည်။
ဘိုင်ဒင် က နှုတ်ဆက်မိန့်ခွန်းကို သမ္မတရုံးခန်းမှ ဇန်နဝါရီ ၁၅ ရက်တွင် ပြောကြားခဲ့ပြီး မိန့်ခွန်းအစတွင် ဘိုင်ဒင် က အစ္စရေးနှင့် ဟားမတ်စ်တို့အကြား ရရှိခဲ့သည့် အပစ်အခတ်ရပ်စဲရေးနှင့် ဓားစာခံများလွှတ်ပေးရေး သဘောတူညီချက်သည် ၎င်းဦးဆောင်သောအစိုးရက ၈ လကြာ မရပ်မနားညှိနှိုင်းမှုများအပြီးတွင် ရရှိခဲ့ခြင်းဖြစ်ကြောင်း ပြောပါသည်။
လွန်ခဲ့သော လေးနှစ်အတွင်း ၎င်းဦးဆောင်သော အစိုးရ၏ အောင်မြင်မှုများအပေါ် ပြန်လည်သုံးသပ်ရာ၌ COVID-19 ကပ်ရောဂါအကျပ်အတည်းမှ စီးပွားရေး နာလန်ထူအောင်ဆောင်ရွက်နိုင်ခဲ့ကြောင်း ဘိုင်ဒင် က ပြောခဲ့ပါသည်။
အာဏာလွှဲပြောင်းမှုမတိုင်ခင်တွင် အလွန်စိုးရိမ်ရမည့် အကြောင်းအရာများနှင့်ပတ်သက်၍ ၎င်းအနေဖြင့် ပြည်သူများအား သတိပေးလိုသည်အချက်တစ်ခုအဖြစ်
အလွန်ချမ်းသာသော လူနည်းစုလက်ထဲ၌ အာဏာစုပြုံနေမှုသည် လွန်စွာအန္တရာယ်ရှိကြောင်းနှင့် ၎င်းတို့၏ အာဏာအလွဲသုံးစားမှုလုပ်ရပ်များကို စောင့်ကြည့်မှု မရှိပါက အန္တရာယ်ရှိသောအကျိုးဆက်များ ဖြစ်ပေါ်လာ နိုင်ကြောင်း မစ္စတာဘိုင်ဒင် ကပြောကြားခဲ့ပါသည်။
တန်းတူညီမျှသော အခွင့်အလမ်းများကသာ အမေရိကကို အမေရိက ပီသစေမည်ဖြစ်ကြောင်းပြောကြားခဲ့ကာ အမေရိကန်ပြည်ထောင်စုအနေနှင့် အားလုံးအတွက် တန်းတူညီမျှသည့် အခွင့်အရေးကို ဆက်လက်ထိန်းသိမ်းထား စေလိုကြောင်း ၎င်း၏ဆန္ဒကို ဘိုင်ဒင် က ထုတ်ဖော် ပြောကြားခဲ့ပါသည်။
ကိုးကား-NHK World