ရုရှားသမ္မတ ပူတင်နှင့် အီရန်သမ္မတတို့ ဆွေးနွေးမည့် အကြောင်းအရာများကို ကရင်မလင်က ထုတ်ဖော်

News Image

  • ရုရှားသမ္မတ ပူတင်နှင့် အီရန်သမ္မတတို့ ဆွေးနွေးမည့် အကြောင်းအရာများကို ကရင်မလင်က ထုတ်ဖော်

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ဇန်နဝါရီ ၁၇ ရက် နေ့တွင် အီရန်သမ္မတ Masoud Pezeshkian နှင့် မော်စကို၌ တွေ့ဆုံစဉ် ဒေသတွင်းနှင့်ကမ္ဘာလုံးဆိုင်ရာ ပြဿနာအများအပြားကို ဆွေးနွေးမည်ဖြစ်ကြောင်း ကရင်မလင်နန်းတော်က ဇန်နဝါရီ ၁၆ ရက်နေ့တွင် အတည်ပြုခဲ့သည်။

ရုရှားနှင့်အီရန်အကြား နှစ်နိုင်ငံဆက်ဆံရေး ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် ကရင်မလင်က “မူဘောင်”အဖြစ် ဖော်ပြထားသည့် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး သဘောတူညီချက်ကို ခေါင်းဆောင်များ လက်မှတ်ရေးထိုးရန် မျှော်လင့်ရသည် ။

ဆွေးနွေးပွဲအစီအစဉ်တွင် အရှေ့အလယ်ပိုင်းဒေသ အထူးသဖြင့် ဆီးရီးယားနှင့်အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခများဖြစ်စဉ်များအပေါ် သုံးသပ်မှုများပါဝင်မည် ဖြစ်ကြောင်း ကရင်မလင်၏ ဇန်နဝါရီ ၁၆ ရက်နေ့ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ဆွေးနွေးမှုများတွင် တောင်ကော့ကေးဆပ်ဒေသနှင့် တီဟီရန်၏ နျူကလီးယားအစီအစဉ်တို့လည်း ပါဝင်မည်ဖြစ်ပြီး တွေ့ဆုံမှုအပြီးတွင် Putin နှင့် Pezeshkian တို့သည် မီဒီယာများနှင့်တွေ့ ဆုံရန် စီစဉ်ထားသည်။

ခေါင်းဆောင်နှစ်ဦးသည် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများတွင် ပူးပေါင်းဆောင်ရွက်မှုများအတွက် လုပ်ဆောင်ရမည့်နည်းလမ်းများကို ရှာဖွေမည်ဖြစ်ကြောင်း Kremlin က ယခုသီတင်းပတ် အစောပိုင်းတွင် ပြောကြားခဲ့သည်။

ရုရှားနှင့်အီရန်တို့သည် အိန္ဒိယ၊ အီရန်၊ အဇာဘိုင်ဂျန်၊ ရုရှား ဗဟိုအာရှနှင့်ဥရောပတို့အကြား သယ်ယူပို့ဆောင်ရေး ချိတ်ဆက်မှုကို ဖန်တီးရန်ရည်ရွယ်သည့် အဓိကအခြေခံအဆောက်အဦ စီမံကိန်းဖြစ်သော နိုင်ငံတကာ မြောက်-တောင် သယ်ယူပို့ဆောင်ရေးစင်္ကြံ (INSTC)တွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ၇,၂၀၀ ကီလိုမီတာ ရှည်လျားသော ဘက်စုံသုံးသယ်ယူပို့ဆောင်ရေးစင်္ကြံသည် ကုန်စည်ပို့ဆောင်မှုကို လွယ်ကူချောမွေ့စေရန် သင်္ဘော၊ မီးရထားနှင့် အဝေးပြေး လမ်းများကို ပေါင်းစပ်ထားသည်။ အချို့သော ကျွမ်းကျင်သူများ၏ သုံးသပ်ချက်များအရ ၎င်းစင်္ကြံသည် စူးအက်တူးမြောင်း၏ လုံခြုံရေးကို အထောက်အပံ့ပေးနိုင်ပြီး ကုန်သွယ်စီးဆင်းမှုများအတွက် ခြိမ်းခြောက်နေမှု အန္တရာယ်များမှကာကွယ်ပေးနိုင်မည်ဖြစ်သည်။

မော်စကိုနှင့် တီဟီရန်ကြားဆက်ဆံရေးသည် နှစ်နိုင်ငံစလုံး၏အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားကာ အပြန်အလှန်လေးစားမှုအပေါ်အခြေခံ၍ အားကောင်းလာနေကြောင်း ကရင်မလင်နန်းတော်က အလေးပေး ပြောကြားခဲ့သည်။

ကိုးကား-RT