Meme ခရစ်တိုငွေကြေး ထရမ့်မိတ်ဆက်
ဒေါ်နယ်ထရမ့်သည် ၎င်း၏သမ္မတ ကျမ်းသစ္စာဆိုပွဲ မကျင်းပမီ ရက်ပိုင်းအလိုတွင် Meme ခရစ်တို ငွေကြေးပုံစံအသစ်ကို မိတ်ဆက်လိုက်ပါသည်။
"ယခုအချိန်သည် မိမိတို့၏ ရပ်တည်ချက် အားလုံး အတွက် ဂုဏ်ပြုရမယ့်အချိန်ဖြစ်ပြီး ထရမ့် အသိုက်အဝန်းကို ဝန်းရံပေးပါ"ဟု ပြီးခဲ့သည့် ဇန်နဝါရီ ၁၇ ရက် (သောကြာ)နေ့တွင် ခရစ်တိုငွေကြေးပုံစံအသစ်ကို တန်ဖိုးမြှင့်တင်သည့်သဘောဖြင့် မီဒီယာသို့ ပြောကြားခဲ့ပါသည်။ ခရစ်တိုငွေကြေးပုံစံအသစ်ကို ထရမ့် လက်သီးဆုပ်ထားသည့်ပုံစံဖြင့် ထုတ်ဝေခဲ့ပြီး ထရမ့်က မိတ်ဆွေနိုင်ငံရေးသမား လုပ်ကြံသတ်ဖြတ်ခံရခြင်းအပေါ် တုံ့ပြန်ထားသည့် "FIGHT FIGHT FIGHT" စာသား အားဒင်္ဂါးပေါ်တွင် ရိုက်နှိပ်ထားပါသည်။
ထို ထရမ့် meme ဒင်္ဂါးများကို တစ်ဒင်္ဂါးလျှင် ၁၀ ဒေါ်လာဖြင့် စတင်ရောင်းချခဲ့ရာမှ ဇန်နဝါရီ ၁၉ ရက် (တနင်္ဂနွေနေ့)၊ နံနက်ပိုင်းမှစ၍ ဒေါ်လာ ၇၀ ခန့်အထိ ဈေးနှုန်းမြင့်တက်နေပြီဖြစ်ကြောင်း သိရှိရပါသည်။
ထိုmeme ဒင်္ဂါးများမှာ မီဒီယာပေါ်တွင် ရေပန်းစားရန်ရည်ရွယ်ချက်ဖြင့် ထုတ်ဝေထားခြင်းဖြစ်သော်လည်း ထရမ့်က သမ္မတ ဂျိုးဘိုင်ဒင်လက်ထက်က ပစ်ပယ်ထားသော ခရစ်တိုငွေကြေးဈေးကွက်ကို ၎င်း၏ သက်တမ်းတစ်လျှောက် အားပေးမည့်သဘောကို ပြသခြင်းဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထားပါသည်။ ထရမ့်က ခရစ်တိုငွေကြေးဈေးကွက် လည်ပတ်ရန် အားပေးမည့် ဘဏ္ဍာရေးစည်းမျဉ်းများကို ထုတ်ပြန်သွားမည်ဖြစ်ကြောင်း၊ ခရစ်တိုငွေကြေးဈေးကွက်မှ အရာရှိများကိုလည်း အစိုးရအဖွဲ့တွင် နေရာကောင်းများပေးသွားမည်ဖြစ်ကြောင်းကိုလည်း ကတိပေး ပြောကြားခဲ့ဖူးပါသည်။
ကိုးကား -AP