မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၊ မြင်းကပါ ကျေးရွာရှိ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းမှ တူးဖော်ရရှိသည့် ရှေးဟောင်းရွှေထည်ပစ္စည်းများအား သက်ဆိုင်ရာ တာဝန်ရှိသူများထံ သတင်းပေးပို့အပ်နှံခြင်းမရှိဘဲ ထုခွဲရောင်းချခဲ့သူများအား ပြစ်ဒဏ် အသီးသီးချမှတ်

News Image

  • မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၊ မြင်းကပါ ကျေးရွာရှိ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းမှ တူးဖော်ရရှိသည့် ရှေးဟောင်းရွှေထည်ပစ္စည်းများအား သက်ဆိုင်ရာ တာဝန်ရှိသူများထံ သတင်းပေးပို့အပ်နှံခြင်းမရှိဘဲ ထုခွဲရောင်းချခဲ့သူများအား ပြစ်ဒဏ် အသီးသီးချမှတ်

ညောင်ဦး ၊ ဇန်နဝါရီ ၁၇

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့က မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ မြင်းကပါ ကျေးရွာရှိ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း၌ ရေစီးရေလာကောင်းမွန်စေရန်အတွက် ရေမြောင်းဖောက်လုပ်ခြင်းလုပ်ငန်းများဆောင်ရွက်စဉ် တူးဖော်ရရှိခဲ့သည့် ရှေးဟောင်းရွှေထည်ပစ္စည်းများအား သက်ဆိုင်ရာတာဝန်ရှိသူများထံ သတင်းပေးပို့အပ်နှံခြင်းမရှိဘဲ ထုခွဲရောင်းချ၍ ကိုယ်ကျိုးစီးပွားအတွက် ခွဲဝေအသုံးပြုခဲ့သူများအား ညောင်ဦးမြို့နယ်တရားရုံးက ဇန်နဝါရီ ၁၃ ရက်နေ့တွင် ပြစ်ဒဏ်အသီးသီး ချမှတ်ခဲ့သည်။

ဖြစ်စဉ်မှ ဖမ်းဆီးရမိတရားခံ မိုးဟိန်း၊ ၂၆ နှစ်၊ (ဘ)ဦးတင်စိုး၊ပန်းရံ၊ နတ်ကြို့အိုင်ကျေးရွာ၊ ညောင်ဦးမြို့နယ်နေသူပါ (၁၁)ဦးတို့အား ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၁၇ အရ အလုပ်နှင့်ထောင်ဒဏ်(၅)နှစ်၊ ရှေးဟောင်းဝတ္ထု ပစ္စည်းများ ကာကွယ် ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၁၉ အရ အလုပ်နှင့်ထောင်ဒဏ်(၁)နှစ်တို့အား သီးခြားစီကျခံစေရန်နှင့် အမှုမှ တရားခံ ကိုငယ်(ခ) လင်းလက်ဝင်း၊ ၁၇ နှစ် (ဘ)ဦးဖိုးတုတ်(ခ) ဦးခင်မောင်တင့်၊  ပန်းရံ၊ နတ်ကြို့အိုင်ကျေးရွာ၊ ညောင်ဦးမြို့နယ်နေသူနှင့် အောင်သူဖြိုး၊ ၁၇ နှစ်၊(ဘ)ဦးဝင်းနိုင်၊ ပန်းရံ၊ နတ်ကြို့အိုင်ကျေးရွာ၊ ညောင်ဦးမြို့နယ်နေသူတို့အား ကလေးသူငယ်ဥပဒေပုဒ်မ ၈၉၊ ပုဒ်မခွဲ(င)အရ မန္တလေးမြို့၊ လူငယ်သင်တန်းကျောင်းတွင် ထိန်းသိမ်း စောင့်ရှောက်ခြင်းကို အသက်(၂၀) ပြည့်သည် အထိ ခံယူစေရန် အမိန့်ချမှတ်ခဲ့ပြီး ထွက်ပြေးတရားခံ ဦးညို(ခ)ကိုညိုနှင့် ဟန်ဝင်းသူတို့အား ၂၀၂၅ ဇန်နဝါရီလ ၉ ရက်နေ့တွင် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ၈၇/၈၈ နှင့်အညီအရေးယူ ဆောင်ရွက် ထားကြောင်းသိရသည်။

ကိုဇော် (ဓာတု)

ပေးပို့သူ- ဦးဇော်ဌေးအောင်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ညောင်ဦးခရိုင်ပြန်/ဆက်