ကစားသမားဟောင်းနေမာကို အသင်းထံ ပြန်လည်ခေါ်ယူရန် အစီအစဉ်မရှိကြောင်း ဘာစီလိုနာအသင်းအတည်ပြုထုတ်ပြန်
ဘာစီလိုနာ ဇန်နဝါရီ ၂၇
ဘာစီလိုနာအသင်းက အသင်းကစားသမားဟောင်းနေမာကို အသင်းထံ ပြန်လည်ခေါ်ယူရန် အစီအစဉ်မရှိကြောင်း အတည်ပြုထုတ်ပြန်ခဲ့သည်။
အသက် ၃၂ နှစ်အရွယ် နေမာသည် ၂၀၁၃ ခုနှစ်က ဆန်းတို့စ်အသင်းမှ ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ကစားပြီးနောက် ဥရောပဘောလုံးလောကသို့ စတင်ရောက်ရှိလာသူဖြစ်ပြီး ဘာစီလိုနာအသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ကာ ဆုဖလားများ ဆွတ်ခူးနိုင်ခဲ့သော်လည်း ၂၀၁၇ ခုနှစ်က ပီအက်စ်ဂျီအသင်းသို့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်သည်။
နေမာသည် ပီအက်စ်ဂျီအသင်းတွင် အစောပိုင်းနှစ်များက အဓိက ကစားသမားအဖြစ် ခြေစွမ်းပြနိုင်ခဲ့သော်လည်း နောက်ပိုင်းနှစ်များတွင် ဒဏ်ရာပြဿနာများကြောင့် မကြာခဏ အနားယူနေခဲ့ရသည့်အတွက် ၂၀၂၃ ခုနှစ်က ပီအက်စ်ဂျီအသင်းမှ အယ်ဟီလယ်အသင်းသို့ ပြောင်းရွှေ့ကစားခဲ့ရာတွင်လည်း ဒဏ်ရာပြဿနာများကြောင့် နှစ်ရာသီအတွင်း ခုနစ်ပွဲသာ ပါဝင်ကစားနိုင်ခဲ့ခြင်းဖြစ်သည်။
အယ်ဟီလယ်အသင်းကလည်း မြင့်မားသည့် လုပ်ခလစာပေးချေနေရသည့်အတွက် နေမာနှင့် လက်ကျန်စာချုပ်ဖျက်သိမ်းကာ လမ်းခွဲလိုနေပြီး အစောပိုင်းက နေမာအနေဖြင့် အယ်ဟီလယ်အသင်းနှင့် လမ်းခွဲပြီးပါက အသင်းဟောင်းများဖြစ်သည့် ဆန်းတို့စ်အသင်းနှင့် ဘာစီလိုနာအသင်းမှ တစ်သင်းသို့ ပြောင်းရွှေ့ဖွယ်ရှိနေသည်ဟု သတင်းများထွက်ပေါ်နေသည့်အတွက် ဘာစီလိုနာအသင်းက ငြင်းဆိုခဲ့ကြောင်း သိရသည်။
Source: မြဝတီသတင်းစာ