အိပ်မောကျရန် ပုံမှန်ထက်အချိန်ယူရမှုက အယ်ဇိုင်းမားရောဂါ၏ ရှေ့ပြေးလက္ခဏာဖြစ်နိုင်
ပေကျင်း ဇန်နဝါရီ ၃၀
နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျရန် ပုံမှန်ထက် အချိန်ယူရမှုသည် အယ်ဇိုင်းမားရောဂါ၏ ရှေ့ပြေးလက္ခဏာတစ်ရပ်ဖြစ်နိုင်ကြောင်း သုတေသနပညာရှင်များက ဇန်နဝါရီ ၂၉ ရက်တွင် ပြောကြားသည်။
တရုတ်သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ အိပ်စက်မှု သံသရာစက်ဝန်း၏ အဆင့်တစ်ဆင့်ဖြစ်သော Rapid Eye Movement (REM) ခေါ် အဆင့်သို့ရောက်ရန် ကြန့်ကြာနေမှုသည် အယ်ဇိုင်းမားရောဂါ၏ ရှေ့ပြေးလက္ခဏာတစ်ရပ် ဖြစ်နိုင်ကြောင်း သိရသည်။
REM အဆင့်သို့ ဝင်ရောက်ရန် ပုံမှန်ထက် အချိန်ယူရပါက ဦးနှောက်၏ မှတ်ဉာဏ်များကို စိစစ်ခွဲခြား သိမ်းဆည်းနိုင်စွမ်း ထိခိုက်သွားတတ်ကြောင်း တရုတ်သုတေသနပညာရှင်များက ပြောကြားသည်။
REM အဆင့်သို့ ရောက်ရှိရန် ရုန်းကန်နေရသူများ၏ ဦးနှောက်အတွင်း အဆိပ်အတောက်ရှိ ပရိုတင်းနှစ်မျိုးဖြစ်သော Beta Amyloid နှင့် Tau ပရိုတင်းများ စုစည်းလာနိုင်ခြေလည်း မြင့်မားလာနိုင်ကြောင်း သုတေသနပညာရှင်များက ပြောကြားသည်။
သာမန်အားဖြင့် သက်ကြီးပိုင်းများသည် နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျသည့် အဆင့်သို့ရောက်ရန် ပုံမှန်ထက် အချိန်ယူရတတ်ကြောင်း သိရသည်။
တရုတ် သုတေသနပညာရှင်များသည် အသက် ၇၀ အထက် လူပေါင်း ၁၂၈ ဦးတို့၏ အိပ်စက်မှုပုံစံများကို လေ့လာပြီးနောက် ၎င်းတို့၏တွေ့ရှိချက်ကို တင်ပြခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
Source: ရတနာပုံသတင်းစာ
Photo:MedicalNews Today