ဒေါ်လာ ၄၅ သန်းတန်ဖိုးရှိသော မြန်မာနိုင်ငံအတွက် DISP ပညာသင်ဆု အမေရိကန် သမ္မတ အမိန့်ဖြင့် ရပ်ဆိုင်း
မြန်မာကျောင်းသားများကို ပေးအပ်သည့် Diversity and Inclusion Scholarship Program (မတူကွဲပြားမှု၊ အားလုံးပါဝင်ခွင့်၊ သာတူညီမျှခွင့်၊ အလွယ်တကူရပိုင်ခွင့်) အတွက် ထောက်ပံ့ငွေ ဒေါ်လာ ၄၅သန်းကို အမေရိကန်သမ္မတအမိန့်ဖြင့် ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။
ယင်းအပြင် အဆိုပါ ပညာသင်ဆုအစီအစဉ်ဖြင့် မြန်မာနိုင်ငံအတွက် ကူညီခြင်းသည် အလွန်များပြားကြောင်းအမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြီးခဲ့သည့် ဇန်နဝါရီလ (၂၉) ရက်က ပြောကြားခဲ့သည်။
အမေရိကန်အနေဖြင့် ပညာသင်ကာလ (၅) နှစ်အတွက် မြန်မာကျောင်းသားပေါင်း (၈၀၀) ကို ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ (၄၅) သန်း ပေးအပ်ရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ထောက်ပံ့ငွေသည် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရာတွင် လိုအပ်သည့် ပညာရေးအတွက် ဘွဲ့ကြို၊ ဘွဲ့လွန် မဟာဘွဲ့နှင့် ပါရဂူဘွဲ့များအပြင် certificate အသိအမှတ်ပြုလက်မှတ်နှင့် ဒီပလိုမာအစီအစဉ် အများအပြားအတွက်လည်း ပေးအပ်ရန် စီစဉ်ထားခြင်းဖြစ်သည်။
သမ္မတ ဂျိုးဘိုင်ဒင်လက်ထက် ၂၀၂၃- ၂၀၂၄ ခုနှစ်က စတင်ခဲ့သည့် အဆိုပါ ပညာသင်ဆုထောက်ပံ့ငွေကို အမေရိကန်က ရပ်ဆိုင်းလိုက်ခြင်းကြောင့် လက်ရှိ ပညာ သင်ကြားနေသည့် မြန်မာကျောင်းသား (၄၀၀) ခန့် အခက်အခဲ ကြုံတွေ့နေကြောင်း သိရသည်။
ယင်းအပြင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြည်ပနိုင်ငံများသို့ လူသားချင်းစာနာမှုအကူအညီများ၊ ထောက်ပံ့ငွေများနှင့် ချေးငွေများကို ရက်ပေါင်း (၉၀) ဆိုင်းငံ့ရန် အမိန့်ထုတ်ခဲ့ခြင်းကြောင့် မြန်မာ-ထိုင်း နယ်စပ်ရှိ ဒုက္ခသည်စခန်းများလည်ပတ်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအားလုံး ရပ်ဆိုင်းသွားကြောင်း သိရသည်။
ကိုးကား - C-SPAN
Photo: The Diplomat