တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာတွင် (၂၈) ကြိမ်မြောက် နေ့ညအသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကျင်းပ
တံတားဦး ဇန်နဝါရီ ၃၀
မန္တလေးတိုင်းဒေသကြီး တံတားဦး ခရိုင် တံတားဦးမြို့နယ် သူငယ်တော် ကျေးရွာ၏ (၂၈) ကြိမ်မြောက်နေ့ညအသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ဇန်နဝါရီလ ၃၀ ရက်တွင် အဆိုပါကျေးရွာရွာလယ်မြတစ်သိန်းကိုးတောင်ပြည့် ဓမ္မာ ရုံ၌ ကျင်းပသည်။
ရှေးဦးစွာ သံဃာတော်များက ကျေးရွာ သူ၊ ကျေးရွာသားများ အန္တရာယ်ကင်းရှင်း စေရန် ပရိတ်တရားတော်များ ချီးမြှင့်ပေး ကြသည်။ ဆက်လက်၍ (၂၈) ကြိမ်မြောက် နေ့ညအသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲကိုကျင်းပရာ သံဃာတော်များနှင့် တပည့်ဒါယကာ၊ ဒါယိကာမအပေါင်းတို့က အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပေးကြ သည်။
ထို့နောက် ရောင်ခြည်တော်ဖွင့်ဘုရားပင့်ဂါထာတော်ကို သူငယ်တော်ကျေးရွာကူတော်ကျောင်းဆရာတော် ဘဒ္ဒန္တအာစာရကလည်းကောင်း၊ပလ္လင်ပွင့်အောင်ဂါထာတော်ကို မင်္ဂလာချောင်ဦးပရိယတ္တိစာသင်တိုက်မှ ဘဒ္ဒန္တအာဒိစ္စကလည်းကောင်း ရွတ်ဖတ်ပူဇော်ကြပြီး လက်ဆောင်ယူကျေးရွာဆရာတော် ဘဒ္ဒန္တ ကေသဝထံမှ ဧည့်ပရိသတ်များက ငါးပါး သီလခံယူဆောက်တည်ကြကာ ကူတိုး ဆိတ်ဂိုဏ်းထောက်ကျောင်းဆရာတော်က ပဋ္ဌာန်းဒေသနာတော်နှင့်ပတ်သက်၍ ဩဝါဒကထာချီးမြှင့်တော်မူသည်။
ဆက်လက်၍ နတ်ဗြဟ္မာများ ပဋ္ဌာန်း တရားတော်နာယူကြည်ညိုရန် သူငယ်တော်ကျေးရွာ ကျောင်းသစ်ကျောင်း ဆရာတော်ဘဒ္ဒန္တဇောတိကက ဖိတ်ကြား ခြင်းကိုလည်းကောင်း၊ ပဋ္ဌာန်းဒေသနာချီးကျူးလွှာဂါထာကို သူငယ်တော်ကျေးရွာ ကံရိုးကျောင်းဆရာတော်ကလည်းကောင်း၊ ပဋ္ဌာန်းအမွှမ်းဂါထာကို သူငယ်တော် တောရဆရာတော်ကလည်းကောင်း ရွတ် ဖတ်ပူဇော်ကြပြီး ပဋ္ဌာန်းပစ္စယုဒ္ဒေသကို သံဃာတော်များနှင့် တပည့်ဒါယကာ၊ ဒါယိကာမအပေါင်းတို့က သံပြိုင်ညီညာ ရွတ်ဆိုပူဇော်ကြသည်။
ယင်းနောက် သံဃာတော်များက ပဋ္ဌာန်းဒေသနာတော်ကို အလှည့်ကျရွတ်ဖတ်ပူဇော်ကြသည်။
အဆိုပါ သူငယ်တော်ကျေးရွာ၌ (၂၈) ကြိမ်မြောက် နေ့ညအသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို ၁၃၈၆ ခုနှစ် တပို့တွဲ လဆန်း ၂ ရက်မှ ၆ ရက်အထိ ငါးရက် တိုင်ကျင်းပလျက်ရှိပြီး သံဃာတော်၄၃ ပါးက ရွတ်ဖတ်ပူဇော်ကြကြောင်း သိရသည်။
ဦးရဲတင့်( ပြန်/ဆက်)