ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲမျိုးစုံ ၇၁၅၂ ဧက စိုက်ပျိုးပြီးစီး လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်
ငဖဲ ဇန်နဝါရီ ၂၉
မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်၌ ၂၀၂၄-၂၀၂၅ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆည်ရေနှင့်မြေအောက်ရေတို့ကို အသုံးပြု၍ ဒေသတွင်းစားနပ်ရိက္ခာဖူလုံစေရေးအတွက် ပဲမျိုးစုံ ၇၁၅၂ ဧက စိုက်ပျိုးပြီးစီးပြီး လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
၂၀၂၄-၂၀၂၅ ခုနှစ် ဆောင်းသီးနှံပဲမျိုးစုံအဖြစ် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲကြီး၊ ကုလားပဲ၊ ပဲနောက်နှင့် အခြားပဲမျိုးစုံ ၆၉၅၉ ဧက စိုက်ပျိုးရန်လျာထားခဲ့ရာ ယနေ့အထိ မတ်ပဲ၇၆၄ ဧက၊ ပဲတီစိမ်း ၄၉၈ ဧက၊ ကုလားပဲ ၅၅၀၈ ဧက၊ ပဲနောက် ၃၆၆ ဧကနှင့် ပဲကြီး၁၆ ဧက စုစုပေါင်း ၇၁၅၂ ဧက စိုက်ပျိုးပြီးစီးကာ လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ကြောင်း၊ မိုးစပါးများရိတ်သိမ်းခြွေလှေ့အပြီး လယ်မြေများတွင် ဒေသခံတောင်သူများက ကုလားပဲနှင့် ပဲတီစိမ်းကို ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်းနှင့် ငဖဲမြို့နယ်အနေဖြင့် ယမန်နှစ်က ပဲမျိုးစုံ ၆၈၈၃ ဧကကို စိုက်ပျိုးနိုင်ခဲ့ကာ အထွက်နှုန်းများကောင်းမွန် ကြောင်း သိရသည်။
ငဖဲမြို့နယ်တွင် စိုက်ပျိုးပြီးစီးသော ပဲမျိုးစုံသီးနှံများအောင်မြင်ဖြစ်ထွန်းရေး၊ပဲမျိုးစုံအထွက်နှုန်းကောင်းမွန်ရေး၊ သဘာဝမြေဩဇာနှင့်ဓာတ်မြေဩဇာများ စနစ်တကျထည့်သွင်းရေး၊ ပေါင်းသတ်ဆေး အသုံးပြုခြင်း၊ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေးနည်းလမ်းများနှင့် စနစ်တကျရိတ်သိမ်းနည်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးနှင့် သက်ဆိုင်ရာကွင်းဝန်ထမ်းများက အနီးကပ်ကြီးကြပ်၍ ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Source: Myawady Web Portal