ရာဂီမုန်တိုင်းကြောင့် ဖြစ်ပွားခဲ့သည့် သဘာဝဘေး အတွင်း သေဆုံးခဲ့သူ (၄၄၀) ကျော်အတွက် ငွေကျပ် သန်း (၄၀၀) ကျော် ထောက်ပံ့ပေးခဲ့
ရာဂီမုန်တိုင်းနှင့် ဆက်စပ်ဖြစ်ပွားခဲ့သည့် သဘာဝဘေးအတွင်း သေဆုံးခဲ့သူ (၄၄၀) ကျော်အတွက် ငွေကျပ်သန်း (၄၀၀) ကျော် ထောက်ပံ့ပေးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အသိပေးပြောကြားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇန်နဝါရီ ၃၁ ရက်တွင် နေပြည်တော် ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမတွင်ပြုလုပ်ခဲ့သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး၌အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်းဖြစ်ပေါ်ခဲ့သည့် ရာဂီမုန်တိုင်းနှင့် ဆက်စပ်ဖြစ်ပွားသည့် မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ပြည်နယ်နှင့်တိုင်းဒေသကြီး (၈) ခုရှိ မြို့နယ် (၁၀၆) ခု တွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့သည်။
အဆိုပါသဘာဝဘေးအတွင်း သေဆုံးခဲ့ရသူဦးရေ (၄၄၀) ကျော်အတွက် ငွေကျပ် (၄၄၇ ဒသမ ၁) သန်း ထောက်ပံ့ပေးခဲ့ပြီး လူနေအိမ်ပျက်စီးမှုများအတွက်ငွေကျပ် (၂၁ ဒသမ ၂) ဘီလီယံကျော်ကိုလည်း ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။
ထို့အပြင် အခြားထောက်ပံ့ခြင်းများအဖြစ် ငွေကျပ် (၃၈ ဒသမ ၉) ဘီလီယံကျော်ကိုလည်း ထောက်ပံ့ပေးနိုင်ခဲ့ပြီး လက်ရှိတွင် တိုက်ပွဲရှောင်ပြည်သူများ အင်အားစာရင်းကိုလည်း ပြုစုလျက်ရှိကာ ထောက်ပံ့ပေးနိုင်ရေးစီစဥ်နေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားခဲ့သည်။
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ အကြမ်းဖက်မှု၊ လက်နက်ကိုင်သောင်းကျန်းမှုဖြစ်ပွားခြင်းကြောင့် ပြည်သူများ၏ ဆုံးရှုံးမှုများသည်လည်း သဘာဝဘေးအန္တရာယ် သတ်မှတ်ချက်ထဲတွင် အကျုံးဝင်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ထည့်သွင်းပြောကြားထားသည်။
နိုင်ငံတော်အနေဖြင့် တိုက်ပွဲရှောင်ပြည်သူများကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ကိုးကား-NP News