တံတားဦးမြို့နယ် သူငယ်တော် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) တွင် လူငယ်စကားဝိုင်း ကျင်းပ
တံတားဦး ၊ ဖေဖော်ဝါရီ - ၇
နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ နိုင်ငံ့သားကောင်းရတနာများ ဖြစ်သည့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ပြည့်စုံကြွယ်ဝလာစေရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်လာနိုင်ရေးတို့အတွက်ရည်ရွယ်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း ကျင်းပသည့် လူငယ်စကားဝိုင်းကို ဖေဖော်ဝါရီ ၇ ရက်နေ့၊ နံနက်ပိုင်းက တံတားဦးမြို့နယ် သူငယ်တော် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျင်းပကြောင်သိရသည် ။
အခမ်းအနားတွင် သူငယ်တော်အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ တာဝန်ခံ ကျောင်းအုပ် ဆရာကြီး ဦးဇော်ဝင်းက အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန ဦးစီးအရာရှိ ဦးဘိုမောင်က လူငယ်စကားဝိုင်းကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် လူငယ်များ အချင်းချင်း တိုင်ပင်ညှိနှိုင်း ဆွေးနွေးတတ်စေရန် ၊ လူအများရှေ့တွင် ရဲဝံ့စွာ စကားပြောဆိုတတ်စေရန်၊ အတွေးအမြင်များ ကျယ်ပြန့်လာစေရန်၊ မိမိတို့ သိထားသင့်သော ဗဟုသုတများကို အချင်းချင်း ပြန်လည်မျှဝေတတ်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်း ကျင်းပပေးခြင်းဖြစ်ကြောင်းပြောကြားသည် ။
ဆက်လက်၍ လူငယ်စကားဝိုင်းကို ကျင်းပရာ တံတားဦးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဘိုမောင်က Moderator အဖြစ်ဆောင်ရွက်ပြီး သူငယ်တော် အခြေခံပညာအထက်တန်း ကျောင်း(ခွဲ) Grade -11 မှ ကျောင်းသူ မချယ်ရီလှိုင်က လူငယ်နှင့် ကျောင်းစာကြည့်တိုက်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade -11 မှ ကျောင်းသူ မနွေးနွေးဇော်က လူငယ်နှင့်ယဉ်ကျေးမှု ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade -11 မှ ကျောင်းသူ မသဲရွှေစင်က လူငယ်နှင့် စာပေခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade -11 ကျောင်းသူ မအေမီမီလွင်က လူငယ်နှင့်စာဖတ်ခြင်း အကျိုးခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြရာ အခမ်းအနားသို့ တက်ရောက်လာကြသူများက မိမိတို့သိရှိလိုသည်များကို မေးမြန်းကြရာ လူငယ်စကားဝိုင်းတွင် မြို့နယ်ဦးစီးအရာရှိနှင့် ပါဝင် ဆွေးနွေးကြသည့် ကျောင်းသား ၊ ကျောင်းသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးဖြေကြားပေးကြသည်။
ထို့နောက် ကျောင်းသား/ သူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ ၊ ရသစာအုပ်စာစောင်များကို ပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစားကြည့်ရှုလေ့လာကြကြောင်းသိရသည်။
ဦးရဲတင့်( ပြန်/ဆက်)