အမျိုးသမီးများ စစ်မှုထမ်းရန်အတွက် အကျုံးဝင်သော်လည်း အမျိုးသမီး ပြည်သူ့စစ်မှုထမ်းများကို ဆင့်ခေါ်ရန်အစီအစဉ် မရှိသေးကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား

News Image

  • အမျိုးသမီးများ စစ်မှုထမ်းရန်အတွက် အကျုံးဝင်သော်လည်း အမျိုးသမီး ပြည်သူ့စစ်မှုထမ်းများကို ဆင့်ခေါ်ရန်အစီအစဉ် မရှိသေးကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား

နိုင်ငံတော်အစိုးရအနေဖြင့် Online လိမ်လည်မှုနှင့် အခြား ဒုစရိုက်လုပ်ငန်းများကို နှိမ်နင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ ပြည်သူ့စစ်မှုထမ်းဆိုင်ရာ မေးမြန်းမှုများနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်း ထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြားရာတွင် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေမှာ အမျိုးသမီးများ စစ်မှုထမ်းရန်အတွက် အကျုံးဝင်သော်လည်း အမျိုးသမီး ပြည်သူ့စစ်မှုထမ်းများကို ဆင့်ခေါ်ရန်အစီအစဉ် မရှိသေးကြောင်း ပြောကြားထားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်း က “ပြည်သူ့စစ်မှုထမ်းဥပဒေ နှင့် နည်းဥပဒေတို့တွင် အကျုံးဝင်သည့် အမျိုးသမီး အသက်၊ အမျိုးသားအသက်များကို ပြောကြားပြီး ဖြစ်ကြောင်း၊ အဆိုပါအချက်ကို မူတည်ကာ အမျိုးသမီး များကို ခြိမ်းခြောက်နေခြင်းမျိုး တွေ့ရှိရပါကြောင်း၊ ထိုအချက်ကို အတိအလင်း ပြောကြားလိုသည်မှာ ပြည်သူ့စစ်မှုထမ်း ဥပဒေ၊ နည်းဥပဒေတို့တွင် အမျိုးသမီးများ စစ်မှုထမ်းရန်အတွက် အကျုံးဝင်သော်လည်းအမျိုးသမီးပြည်သူ့ စစ်မှုထမ်းများကို ဆင့်ခေါ်ရန် အစီအစဉ် မရှိသေးကြောင်း ကျွန်တော့်အနေဖြင့် ပြောကြားလိုပါကြောင်း” သိရှိရသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်ပြီး ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ ထွက်ပေါ်လာပြီးနောက်ပိုင်း ပြည်ဖျက် မီဒီယာများ၊ အကြမ်းဖက်လှုံ့ဆော်သူများအနေဖြင့် ပြည်သူလူထုကို ထင်ယောင်ထင်မှားဖြစ်စေရန်၊ ကြောက်လန့်အောင် လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေနှင့်ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဖတ်ရှုလေ့လာနိုင်စေရေး ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာန၏ Website၊ Webportal၊ ဥပဒေရေးရာဝန်ကြီးဌာန၏ Website၊ Webportal နှင့် ပြန်ကြားရေးဝန်ကြီးဌာန၏ Website၊ Webportal၊ မြဝတီ Webportal ၊ Myanmar National Portal တို့တွင် ဖတ်ရှုလေ့လာနိုင်ကြောင်း၊ ထို့အပြင် ပြည်သူ့စစ်မှုထမ်းကိစ္စများနှင့်ပတ်သက်ပြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာကိစ္စများ စပ်လျဉ်း၍ စုံစမ်း မေးမြန်းခြင်း၊ မသမာမှုများနှင့်ပတ်သက်ပြီး တိုင်ကြားခြင်းများကို တိကျစွာဆက်သွယ် သတင်းပေးပို့ နိုင်ကြောင်းနှင့် မမှန်မကန်သတင်းပိုခြင်း၊ တိုင်ကြားခြင်း များပြုလုပ်ပါက ဖော်ထုတ်ပြီး တည်ဆဲဥပဒေများနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးထားခြင်းကို ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ Update ပြုလုပ်ပေးထားသည့် ဖုန်းနံပါတ်များကို ဖော်ပြထားပြီးဖြစ်ကြောင်း၊ သတင်းပေးတိုင်ကြားခဲ့သဖြင့် မသမာမှုများနှင့်ပတ်သက်ပြီး စုံစမ်းမေးမြန်းခြင်း၊ အရေးယူခြင်းများ ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း ရှင်းလင်းပြောဆိုထားသည်။

ကိုးကား-NP News