ထိပ်တန်းလျှပ်စစ်ကားထုတ်လုပ်သည့် ကုမ္ပဏီ BYD က တရုတ်နိုင်ငံတွင် မတ်လ ၁၇ ရက်နေ့က အားသွင်းစနစ်အသစ်တစ်ခုကို မိတ်ဆက်ခဲ့ပြီး ကမ္ဘာ့အကြီးဆုံး EV ကားဈေးကွက်တွင် ပြိုင်ဆိုင်မှုများကို ပိုမိုပြင်းထန်စေခဲ့ကာ Tesla အပါအဝင် အခြားပြိုင်ဘက်များထက် ပိုမို ရှေ့ရောက်စေခဲ့သည်။ရှင်းကျန့်အခြေစိုက် ကားထုတ်လုပ်ရေးကုမ္ပဏီက ၎င်းတို့၏ “Super E-Platform” ဟုအမည်ပေးထားသော စနစ်သည် ၎င်းတို့၏ နောက်ဆုံးပေါ် မော်ဒယ် EV ကားများကို မိနစ်အနည်းငယ်အတွင်း အားသွင်းနိုင်ပြီး မိုင် ၂၅၀ အထိ မောင်းနှင်နိုင်ကြောင်း ကြေညာခဲ့သည်။ နည်းပညာအသစ်ကို ပံ့ပိုးရန်အတွက် BYD သည် တရုတ်နိုင်ငံတစ်ဝှမ်းတွင် အလွန်မြန်ဆန် သော အားသွင်းစက်ပေါင်း ၄,၀၀၀ ကို တည်ဆောက်ရန် စီစဉ်ထားသည်။BYD ၏ အားသွင်းစနစ်အသစ်သည် လျှပ်စစ်ကားဈေးကွက်ကို ပြောင်းလဲရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နိုင်သည့် ဆန်းသစ်တီထွင်မှုတစ်ခု ဖြစ်သည်။ Tesla ၏ Superchargers သည် ၁၅ မိနစ် အားသွင်းပြီး မိုင် ၂၀၀ အထိ မောင်းနှင်နိုင်သည်။“BYD ၏ ရည်မှန်းချက်မှာ လျှပ်စစ်ကားအားသွင်းခြင်းကို ဓာတ်ဆီကား တစ်စီးအား ဆီဖြည့်သည့်အမြန်နှုန်းနှင့်တူညီရေး လုပ်ဆောင်နိုင်ရန်ဖြစ်သည်" ဟု BYD ဥက္ကဋ္ဌ Wang Chuanfu က မိတ်ဆက်ပွဲတွင်ပြောကြားခဲ့သည်။ နောက်ဆုံးပေါ်အားသွင်းနည်းပညာဖြင့် ပြင်ဆင် ထားသော BYD ၏ မော်ဒယ်အသစ်များအတွက် ကြိုတင်မှာယူမှုများကို မတ်လ ၁၇ ရက်နေ့တွင် စတင်လက်ခံခဲ့ပြီး လာမည့်လမှစတင်၍ ပေးပို့ သွားမည်ဖြစ်သည်။BYD ၏ ဟောင်ကောင်စတော့ဈေးကွက်ရှယ်ယာများသည် မတ်လ ၁၈ ရက်နေ့တွင် ၆% ကျော် တက်ခဲ့ပြီး အမြင့်ဆုံးစံချိန်သစ်တင်ခဲ့သည်။Tesla ၏ နှစ်စဉ် ကမ္ဘာလုံးဆိုင်ရာ ကားရောင်းချမှုသည် လွန်ခဲ့သည့် နှစ်က ပထမဆုံးအကြိမ် ကျဆင်းခဲ့ပြီး တရုတ်နိုင်ငံတွင် ၎င်း၏ နည်းပညာဆန်းသစ်နိုင်မှုသည် အဓိကပြိုင်ဘက် BYD နောက်သို့ ကျန်ရစ်ခဲ့သည်။ တရုတ်လျှပ်စစ်ကားကုမ္ပဏီ BYD ၏ အားသွင်းနည်းပညာအသစ်သည် ဆန်းသစ်တီထွင်မှုနှင့်စျေးနှုန်းနှစ်ခုစလုံးတွင် Tesla ထက် သာလွန်နေကြောင်း နောက်ဆုံးဖော်ပြမှုတစ်ခုဖြစ်သည်။ကိုးကား-CNNဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂