အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) က မန္တလေး-ချင်းမိုင် တိုက်ရိုက်ခရီးစဉ်သစ် စတင်ပြေးဆွဲ
ရန်ကုန် ဖေဖော်ဝါရီ ၁၁
အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) မှ မန္တလေး-ချင်းမိုင် တိုက်ရိုက်ခရီးစဉ်ကို ဖေဖော်ဝါရီ ၁၀ ရက်မှ စတင်၍ အပတ်စဉ် တနင်္လာနေ့နှင့် သောကြာနေ့တိုင်း တစ်ပတ်လျှင်နှစ်ကြိမ် ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ခရီးစဉ်သစ် စတင်ပြေးဆွဲသည့် အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့က မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကျင်းပသည်။
MAI လေကြောင်းလိုင်းက ယမန်နေ့တွင် မန္တလေးမြို့နှင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တို့အကြား တိုက်ရိုက်ခရီးစဉ်သစ်ကို စတင်ပြေးဆွဲကြောင်း ကြေညာခဲ့ပြီး မန္တလေး-ချင်းမိုင်ခရီးစဉ်သစ် MAI ပြေးဆွဲနေသည့် နိုင်ငံတကာခရီးစဉ်ကွန်ရက်တွင် ၂၀၂၅ ခုနှစ်အတွင်း အသစ်တိုးချဲ့ပြေးဆွဲသည့် ပထမဆုံးခရီးစဉ်ဖြစ်ကာ MAI ၏ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် ပျံသန်းပြေးဆွဲနေသည့် ဗန်ကောက်-သုဝဏ္ဏဘူမိလေဆိပ်၊ ဗန်ကောက်-ဒွန်မောင်းလေဆိပ်နှင့် နိုဗိုစီဗစ်ခရီးစဉ်များအပြီး ထပ်မံပြေးဆွဲသည့် စတုတ္ထမြောက်ခရီးစဉ်အသစ်ဖြစ်သည်။
ခရီးစဉ်အသစ် စတင်ပြေးဆွဲသည့် အထိမ်းအမှတ်အဖြစ် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ချင်းမိုင်လေဆိပ်သို့ ဆိုက်ရောက်လာသည့် လေယာဉ်ကို ရေပက်ဖျန်းကြိုဆိုခဲ့ပြီး ခရီးစဉ်အတွင်း လိုက်ပါစီးနင်းလာကြသည့် ခရီးသည်များအား ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် အမှတ်တရ လက်ဆောင်များ ပေးအပ်ကာ ခရီးဦးကြိုဆိုခဲ့ကြောင်း သိရသည်။
Source: ကြေးမုံသတင်းစာ