ဒိုင်လူကြီးများကို ဝေဖန်မှုများအတွက် ရီးယဲလ်မက်ဒရစ် အသင်းကို အရေးယူပေးရန် တော်ဝင်စပိန်ဘောလုံး အဖွဲ့ချုပ်ထံ တောင်းဆို
မက်ဒရစ် ဖေဖော်ဝါရီ ၁၂
စပိန်လာလီဂါအဖွဲ့ချုပ်က ဒိုင်လူကြီးများကို ပြင်းထန်စွာ ဝေဖန်မှုများအတွက် ရီးယဲလ်မက်ဒရစ် အသင်းကို ဥပဒေအရ အရေးယူပေးရန် တော်ဝင် စပိန်ဘောလုံး အဖွဲ့ချုပ်ထံ တောင်းဆိုမှုများ ပြုလုပ်ခဲ့ ကြောင်း သိရသည်။
စပိန်လာလီဂါပွဲစဉ် (၂၃) ဖြစ်ပြီး မက်ဒရစ်ဒါဘီ ပွဲစဉ်အဖြစ်ကစားသည့် ရီးယဲလ်မက်ဒရစ် အသင်းနှင့် အက်သလက်တီကို အသင်းတို့ တစ်ဂိုးစီသရေရလဒ် ထွက်ပေါ်သည့်ပွဲစဉ်တွင် ရီးယဲလ်မက်ဒရစ်အသင်းက ကွင်းလယ်ဒိုင်လူကြီး ဆီဆာဆိုတိုနှင့် VAR ဒိုင်များ၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ဝေဖန်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ မက်ဒရစ်ဒါဘီပွဲစဉ်၌ အက်သလက်တီကို အသင်းက ပွဲချိန် ၃၅ မိနစ်တွင် သွင်းယူသည့် အယ်လ် ဗာရက်၏သွင်းဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်းပွဲချိန် မိနစ် ၅၀ တွင် အမ်ဘတ်ပီက ရီးယဲလ်မက်ဒရစ် အသင်းအတွက် ချေပဂိုးပြန်လည် သွင်းယူပေးနိုင်သဖြင့် တစ်ဂိုးစီသရေရလဒ် ထွက်ပေါ်ပြီး ရီးယဲလ် မက်ဒရစ်အသင်းသည် ပွဲချိန်အတွင်း ပယ်နယ်တီပြစ်ဒဏ်ရရှိနိုင်သည့် အခွင့်အရေး ရှိခဲ့သော်လည်း ကွင်းလယ်ဒိုင်လူကြီး ဆီဆာဆိုတိုက ပယ်နယ်တီ သတ်မှတ်ပေးခြင်းမရှိဘဲ VAR ဒိုင်များကလည်း သတ်မှတ်ပေးခြင်း မရှိသည့်အတွက် ရီးယဲလ်မက်ဒရစ် အသင်းက အသင်းတရားဝင် လူမှုကွန်ရက်စာမျက်နှာတွင် ဒိုင်လူကြီးအဖွဲ့ကို ပြင်းပြင်းထန်ထန် ဝေဖန်မှုများ ပြုလုပ်သည့်အတွက် စပိန်လာလီဂါ အဖွဲ့ချုပ်က ရီးယဲလ်မက်ဒရစ် အသင်းကို အရေးယူပေးရန် တော်ဝင်စပိန်ဘောလုံး အဖွဲ့ချုပ်ထံ တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Source:Myawady Web Portal