မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်နှင့် ကရင်ပြည်နယ်၊ ဘားအံမြို့တို့၌ ငွေကျပ် ၃ ဒသမ ၇ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၄ ဒသမ ၉ သိန်း ဖမ်းဆီးရမိ
14 February 2025
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၆ ရက် ည ၁၀ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် တောင်ကြီးမှ ရန်ကုန်သို့ အားဘ(ခ)အားဆာ မောင်းနှင်ပြီး မမိုးမိုးအေး လိုက်ပါလာသည့် MITSUBISHI PAJERO မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ငါးသိန်း ဖမ်းဆီးရမိခဲ့သည်။
အလားတူ ဖေဖော်ဝါရီ ၇ ရက် နံနက် ၈ နာရီ ၃၀ မိနစ်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ အဝေးပြေးကားကြီးဝင်းတွင် ထွန်းဇော်ဒေးဦးနှင့် မဖြူဖြူအောင်တို့ နှစ်ဦးအား TOYOTA NOAH VOXY မော်တော်ယာဉ် တစ်စီးနှင့်အတူ ငါးခြောက်အိတ်များအတွင်း သိုဝှက်သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၉ ဒသမ ၉ သိန်း ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ မွန်းလွဲ ၂ နာရီတွင် မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူ စောအုန်းကြွယ်(ခ)အုန်းကျော်အား ဆိုင်ကယ် တစ်စီးနှင့်လည်းကောင်း၊ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်တွင် တိုးတက်ထွန်း(ခ)တိုးကြီးနှင့် ကောင်းဆက်ကျော်(ခ)ကိုဆက်တို့အား TOYOTA WISH မော်တော်ယာဉ် တစ်စီးနှင့်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုး ငွေကျပ် ၃ ဒသမ ၇ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ ဒသမ ၉ သိန်း သိမ်းဆည်းရမိခဲ့သည်။
စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်မှ မြဝတီနယ်စပ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။
Source: www.moha.gov.mm