မင်္ဂလာတောင်ညွန့်တွင် ယာဉ် (၄)စီး ဆင့်တိုက်ပြီး (၄) ဦး ဒဏ်ရာရ
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မြန်မာ့ဂုဏ်ရောင်ရပ်ကွက်၊ သံသုမာလမ်းပေါ် ယာဉ် (၄)စီးဆင့်တိုက်မိမှု ဖြစ်ပွားပြီး အမျိုးသား (၃) ဦးနှင့် အမျိုးသမီး (၁)ဦးတို့ ထိခိုက်ဒဏ်ရာများရခဲ့ကြောင်း ဖြစ်စဉ်ကို သွားရောက်ကူညီခဲ့သည့် လူမှုကူညီရေးအသင်းတို့ထံမှ သိရသည်။
ယနေ့ ဖေဖောဝါရီ (၁၇)ရက်၊ နံနက် (၁၀)နာရီခွဲအချိန်ခန့်က ၎င်းနေရာတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရသူများရှိကြောင်း သတင်းအရ YRO အဖွဲ့ဝင် ပုသိမ်ညွန့်လူမှုကူညီရေးအသင်း၊ မြန်မာမွတ်စလင်မ်ပရဟိတအသင်းနှင့် မေတ္တာရောင်ခြည်လူငယ်များ ပရဟိတအသင်းတို့မှ သွားရောက်ကူညီခဲ့ကြကြောင်း သိရသည်။
အဆိုပါ ယာဉ်တိုက်မှု ဖြစ်စဉ်ကြောင့် အမျိုးသား (၃)ဦး၊ အမျိုးသမီး (၁)ဦးတို့မှာ ထိခိုက်ဒဏ်ရာရခဲ့ပြီး လိုအပ်သည့် မြေပြင်ဆေးကုသမှုများပြုလုပ်ပေးကာ မြန်မာမွတ်စလင်မ်ပရဟိတအသင်း၊ မေတ္တာရောင်ခြည် လူငယ်များပရဟိတအသင်းတို့၏ အရေးပေါ်လူနာတင်ယာဉ် (၂) စီးဖြင့် စံပြအထွေထွေရောဂါကုဆေးရုံ(သင်္ဃန်းကျွန်း)သို့ ကူညီပို့ဆောင်ခဲ့ကြကြောင်း သိရသည်။
ယမန်နေ့ ဖေဖော်ဝါရီ (၁၆)ရက်၊ ည (၈)နာရီအချိန်ခန့်ကလည်း ရွှေပြည်သာမြိုနယ်၊ (၂)ရက်ကွက်၊ အမှတ်(၄) လမ်းမ၊ ရွှေပြည်သာကွေ့မီးပွိုင့်တွင် ယာဉ်(၃)စီး ဆင့်တိုက်မှု ဖြစ်ပွားပြီး အမျိုးသား (၄)ဦး ထိခိုက်ဒဏ်ရာများရခဲ့ပြီး (၁)ဦးမှာ ဒဏ်ရာအပြင်းထန်ရခဲ့ကြောင်း မီးသတ်တပ်ဖွဲ့၊ ဒေသခံများနှင့် နယ်မြေခံ ပရဟိတအသင်းတို့ထံမှ သိရသည်။
Source: Popular Myanmar