ဂန္တဝင်အဆိုတော်ကြီး ခင်ညွန့်ရီ ကင်ဆာရောဂါဖြင့် ကွယ်လွန်
နာမည်ကျော် ဂန္တဝင်အဆိုတော်ကြီး ခင်ညွန့်ရီ ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့ကြောင်း မြန်မာနိုင်ငံဂီတအစည်းအရုံးထံမှ သိရသည်။
အသက်(၇၅)နှစ်ရှိပြီဖြစ်သည့် တေးသံရှင် ဒေါ်ခင်ညွန့်ရီသည် ဖေဖော်ဝါရီ ၂၀ ရက်၊ ည ၁၁ နာရီ ၅ မိနစ်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကင်ဆာကုသဆောင်တွင် တက်ရောက်ကုသနေစဥ် ကွယ်လွန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
၎င်းသေဆုံးမှုနှင့်ပတ်သက်၍ “အမေ (အညာသူကြီး) (၂၀.၂.၂၀၂၅) ည ၁၁:၅ မိနစ်မှာ သူချစ်တဲ့အနုပညာ ၊ သူချစ်တဲ့ပရိတ်သတ်များကို ထာဝရ စွန့်ခွာသွားပါပြီ" ဟု သမီးဖြစ်သူ အိုပြည့်ရှင်က ၎င်း၏လူမှုကွန်ယက် စာမျက်နှာတွင် ရေးသားထားသည်။
အဆုတ်ကင်ဆာဝေဒနာခံစားနေရသည့် အဆိုတော်ကြီး ခင်ညွန့်ရီသည် ပြီးခဲ့သည့် ဇန်နဝါရီ (၃၀) ရက်မှ စတင်ကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကင်ဆာဌာနတွင် တက်ရောက်ကုသမှု ခံယူနေခြင်းဖြစ်ကြောင်း သိရသည်။
“ခင်ညွန့်ရီက ဝါသနာအရမ်းကြီးတာ။ မြန်မာမှုဂီတမှာတော့ သူ့မှတ်တိုင် တစ်ခုတော့ရှိတာပေါ့။ ဘယ်လောက်ပဲဘဝတွေ ကုန်လွန်သွားပါစေ သူ့အနုပညာကတော့ မြန်မာနိုင်ငံမှာ ရှင်သန်နေမှာပဲလေ။ မြန်မာမှု ဂီတသမားတွေ အခုလို အင်အားနည်းနေတဲ့အချိန်မှာ တန်ဖိုးရှိတဲ့ ဂီတသမား ဆုံးရှုံးသွားတာကတော့ ဂီတလောကအတွက်ရော၊ တိုင်းပြည်အတွက်ရော၊ မြန်မာမှုအတွက်ပါ အများကြီးဆုံးရှုံးမှုဖြစ်ပါတယ်။ ဘယ်လိုပဲပြောပြော သူကတိုင်းပြည်အတွက်ရော၊ ဂီတလောကအတွက်ရော ထင်ရှားတဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့အတွက် သူ့မိသားစုနဲ့ ထပ်တူထပ်မျှ ဝမ်းနည်းပါတယ်" ဟု မြန်မာနိုင်ငံဂီတအစည်းအရုံးဥက္ကဋ္ဌ ဦးလွင်မြင့်က NP News ကို ပြောသည်။
ဒေါ်ခင်ညွန့်ရီသီဆိုခဲ့သည့် “လွမ်းငွေ့ဝေဝေ”၊ “သောကသူဋ္ဌေးမလေး”၊ “မလွမ်းဘယ်သူနေပါ့မယ်”နှင့် “နှင်းဆီမလေး ချစ်ပုံပြင်” ဆိုသည့် သီချင်းများသည် ယနေ့ထိ လူကြိုက်များ ထင်ရှားနေဆဲဖြစ်သည်။
ကိုးကား-NP News