မြန်မာ့ GAP အသိအမှတ်ပြုလက်မှတ် ထုတ်ပေးခြင်း လုပ်ငန်းစဉ်
GAP ဆိုသည်မှာ
GAP (စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ) ဆိုသည်မှာ မြေပြုပြင် စိုက်ပျိုး ထုတ်လုပ်သည်မှ စားသုံးသူ လက်ဝယ်ရောက်သည်အထိ ထုတ်လုပ်မှု ကွင်းဆက်တိုင်းတွင် စားသုံးသူအတွက် အန္တရာယ် ဖြစ်စေသည့် ကူးစက်ညစ်ညမ်းမှုများ အနည်းဆုံး ဖြစ်စေရန် လိုက်နာရမည့် နည်းလမ်းများကို စုစည်း ထားသည့် စံလုပ်ထုံးလုပ်နည်း လမ်းညွှန်မှုများ ဖြစ်ပါသည်။
“သီးနှံများအတွက် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ စံချိန်စံညွှန်း” ကို စိုက်ပျိုးရေးဦးစီးဌာနမှ မူကြမ်းရေးဆွဲခဲ့ပြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ဥက္ကဋ္ဌအဖြစ် ဦးဆောင်ဖွဲ့စည်းထားသော စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ စံချိန်စံညွှန်း ရေးဆွဲရေးနည်းပညာဆပ် ကော်မတီ အဖွဲ့ဝင်များမှ အဆင့်ဆင့် ပြင်ဆင်ဖြည့်စွက်ညှိနှိုင်းဆွေးနွေး၊ အတည်ပြုချက် ရရှိခဲ့ပြီးနောက် နိုင်ငံတော် စံချိန်စံညွှန်းအဖြစ် အတည်ပြုချက်ရရှိရေးအတွက် အမျိုးသားစံချိန်စံညွှန်းကောင်စီသို့ ပေးပို့တင်ပြခဲ့ရာ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၀ ရက်နေ့တွင် ကျင်းပသော အမျိုးသား စံချိန်စံညွှန်းကောင်စီ အစည်းအဝေး (၁/၂၀၂၀) မှ MMS GAP 23:2020 ဖြင့် “သီးနှံများအတွက် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ စံချိန်စံညွှန်း” ကို နိုင်ငံတော်စံချိန်စံညွှန်းအဖြစ် အတည်ပြုချက်ရရှိခဲ့ပါသည်။
စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံမှ စိုက်ပျိုးရေးထွက်ကုန်များ ဘေးအန္တရာယ် ကင်းရှင်းပြီး အရည်အသွေးကောင်းမွန်စွာထုတ်လုပ်၍ ဈေးကွက်သို့ ပိုမိုတင်ပို့ ရောင်းချ နိုင်ရေးအတွက် စိုက်ပျိုးရေး ဆိုင်ရာ အလေ့အကျင့်ကောင်းများ မြန်မာ(GAP) အသိအမှတ်ပြု လက်မှတ်ထုတ်ပေးနိုင်ရန် တိုင်း၊ ခရိုင်၊ မြို့နယ် GAP Inspector Team များ ဖွဲ့စည်း၍ ကွင်းဆင်းစစ်ဆေးခြင်း၊ သက်ဆိုင်ရာဌာနခွဲများ ပူးပေါင်းပါဝင်ဖွဲ့စည်းထားသော ပညာပေးရေးနှင့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များသည် သက်ဆိုင်ရာ ဌာနခွဲ၊ တိုင်း၊ ခရိုင်တို့၏ စီမံကွပ်ကဲမှုဖြင့် (သီးနှံကာကွယ်ရေး/ မြေအသုံးချ / စိုက်ပညာ/ မျိုးစေ့) တို့နှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိပါသည်။
ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် တောင်သူများထားရှိ ရေးသွင်းရမည့် မှတ်တမ်းပုံစံများ ဖြန့်ဝေခြင်း၊ တောင်သူများ၏ စိုက်ကွင်းတွင် ခဲ၊ ပြဒါး နှင့် အာဆင်းနစ် စသည့် Heavy Metal များ ပါဝင်မှုနှင့် အာဟာရဓာတ်များ ပါဝင်မှု အခြေအနေအား စစ်ဆေးနိုင်ရန် မြေ၊ ရေ နမူနာများ ရယူခြင်းနှင့် ဓါတ်ခွဲခန်းသို့ ပေးပို့ခြင်း၊ သီးနှံများ ခူးဆွတ်ပြီးနောက်ပိုင်း သတ်မှတ်ထားသော အမြင့်ဆုံး ပိုးသတ်ဆေး ဓါတ်ကြွင်း အာနိသင် ပါဝင်မှုကို တိုင်းတာစစ်ဆေးရန် ဆောင်ရွက်ခြင်း၊ ဘက်စုံပိုးမွှား ကာကွယ်ရေး နည်းစနစ်များ အသုံးပြု ဆောင်ရွက်မှု၊ စိုက်ခင်းသန့်ရှင်းရေး၊ ရေအိမ် ဆောက်လုပ်ထား ရှိမှုနှင့် စွန့်ပစ်ပစ္စည်းများ စွန့်ပစ်ပုံ စသည်တို့အပြင် ခူးဆွတ်ပြီးနောက်ပိုင်း လုပ်ငန်းစဉ်များ အဆင့်ဆင့် ဆောင်ရွက်ရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အဆင့်အတန်း ခွဲခြားခြင်း၊ ထုတ်ပိုး ပြုပြင်ခြင်းနှင့် အမှတ်တံဆိပ်ကပ်ခြင်းတို့တွင် စနစ်တကျ ဆောင်ရွက်ခြင်းနှင့် သန့်ရှင်းရေး လိုက်နာ ကျင့်သုံးမှုတို့ကို စစ်ဆေးဆောင်ရွက်ရပါသည်။
Township Admin မှ Online Digitalization ဆောင်ရွက်မှု။ မြို့နယ်ဦးစီးမှူးမှ လျှောက်လွှာများကို စိစစ်၍ ထောက်ခံအတည်ပြုချက်နှင့်အတူ လျှောက်လွှာများအား (GAP website) သို့ (Township Admin) အကူအညီဖြင့် တင်သွင်းဆောင်ရွက်ရပါသည်။ လျှောက်ထားခြင်း ပြီးမြောက်မှု (၂၀ %) အဖြစ် သတ်မှတ် ပါသည်။
District Admin မှ Online Digitalization ဆောင်ရွက်မှု။ ခရိုင်ကွင်းဆင်း စစ်ဆေး ရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေး၍ ရေ၊ မြေ စစ်ဆေးမှုအတွက် ကူညီဆောင်ရွက်ပေးခြင်း၊ (GAP Guideline) နှင့် အညီ ဆောင်ရွက်ထားရှိမှု မှတ်တမ်းများအား ခရိုင်ဦးစီးမှူးမှ ထောက်ခံ အတည်ပြု၍ တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးထံ တင်ပြဆောင်ရွက်ပါသည်။ ခရိုင်ဦးစီးမှူး၏ ထောက်ခံအတည်ပြုချက်နှင့်အတူ စစ်ဆေးချက်မှတ်တမ်းများအား (GAP website) သို့ တင်သွင်းဆောင်ရွက်ရပါသည်။ လျှောက်ထားခြင်း ပြီးမြောက်မှု (၅၀%) အဖြစ် သတ်မှတ်ပါသည်။
Region/State Admin မှ Online Digitalization ဆောင်ရွက်မှု။ ခရိုင်ဦးစီးမှူး၏ ထောက်ခံ အတည်ပြု ချက်ဖြင့် တင်ပြလာသော (GAP Guideline) နှင့်အညီ ဆောင်ရွက်ထားရှိမှု မှတ်တမ်းများအား တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးမှ စစ်ဆေးထောက်ခံ၍ ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝ နည်းပညာဌာနခွဲ၊ ညွှန်ကြားရေးမှုးထံ တင်ပြ ဆောင်ရွက်ရသည်။ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးမှထောက်ခံအတည်ပြုချက် နှင့်အတူ စစ်ဆေးချက်မှတ်တမ်းများအား (GAP website)သို့ တင်သွင်းဆောင်ရွက်ရပါသည်။ လျှောက်ထားခြင်းပြီးမြောက်မှု (၇၀%) အဖြစ် သတ်မှတ်ပါသည်။
Main Admin မှ Online Digitalization ဆောင်ရွက်မှု။ တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူး၏ ထောက်ခံချက်ဖြင့် တင်ပြလာသော မှတ်တမ်းများအား၊ ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝ နည်းပညာ ဌာနခွဲ၊ GAP ဌာနစိတ်မှ စိစစ်၍ GAP အသိအမှတ်ပြု လက်မှတ်များအား စီမံ၍ ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာ ဌာနခွဲ၊ ညွှန်ကြားရေးမှုး၏ ထောက်ခံချက်နှင့်အတူ ညွှန်ကြားရေးမှုးချုပ် (စိုက်ပျိုးရေး ဦးစီးဌာန) ထံ တင်ပြဆောင်ရွက်ရသည်။ မြို့နယ်၊ ခရိုင်၊ တိုင်း/ ပြည်နယ် များမှ ထောက်ခံအတည်ပြုချက်များနှင့်အတူ စစ်ဆေးချက်မှတ်တမ်းများအားလုံးအား GAP website တွင် စိစစ် ၍ GAP certificate ထုတ်ပေးနိုင်ရေး ဆောင်ရွက်ရပါသည်။ လျှောက်ထားခြင်း ပြီးမြောက်မှု (၁၀၀%) အဖြစ် သတ်မှတ်ပါသည်။
ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာ ဌာနခွဲ၊ GAP ဌာနစိတ်၏ Certification ဆိုင်ရာ လုပ်ငန်းတာဝန်များ အောက်ပါအတိုင်း ဖြစ်ပါသည်-
တိုင်းဒေသကြီး/ ပြည်နယ်များမှ လျှောက်ထားမှုများကို Admin Panel မှ တစ်ဆင့် နေ့စဉ်စစ်ဆေးရန်
တိုင်းဒေသကြီး/ ပြည်နယ်များမှ ထောက်ခံချက်ပေးပြီး (၇၀ %) အဆင့်ရှိ လျှောက်လွှာများကို(GAP)အသိအမှတ်ပြု လက်မှတ်ထုတ်ပေးနိုင်ရေး ဆောင်ရွက်ရန်
Excel export ထုတ်ယူခြင်း
QR code အတွက် data ထည့်သွင်းခြင်း
Certificate တွင် တောင်သူ၏ data အချက်အလက်များ ဖြည့်သွင်းခြင်း
အုပ်စုအဖွဲ့ဝင်များ၏ စာရင်းများ ပြုစုရေးသွင်းခြင်း
DG (ညွှန်ကြားရေးမှူးချုပ်) လက်မှတ်အတွက် အပေါ်စာ ပြင်ဆင်ခြင်း
DG လက်မှတ်ထိုးပြီးသော Certificate များအား သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ပေးပို့ရန်အတွက် ညွှန်ကြားရေးမှူးအပေါ်စာ ပြင်ဆင်ခြင်း
အထက်ဖော်ပြပါ အကြောင်းအရာများသည် စိုက်ပျိုး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတွင် ဖော်ပြချက်အား ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။
ကိုးကား -https://www.doa.gov.mm/doa/index.php?route=information/information&information_id=32