နေပြည်တော်- ရန်ကုန်ကို ခေတ်မီ DEMU ရထားတွဲဆိုင်းသစ်များဖြင့် ပြေးဆွဲပေးမည်
လာမည့်ဖေဖော်ဝါရီ ၂၈ ရက်မှစတင်၍ နေပြည်တော်- ရန်ကုန်- နေပြည်တော် ခရီးစဉ်အား ဂျပန်နိုင်ငံမှ ဝယ်ယူရောက်ရှိလာသည့် ခေတ်မီ DEMU ရထားတွဲဆိုင်းသစ်များဖြင့် စတင်ပြေးဆွဲပေးမည် ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
အဆိုပါခေတ်မီ DEMU ရထားတွဲဆိုင်းဖြင့် နေပြည်တော်မှ ရန်ကုန်အထိ စတင် စမ်းသပ်ပြေးဆွဲသည့် ခရီးစဉ်အဖြစ် ဖေဖော်ဝါရီ ၂၁ ရက်တွင် ခရီးသွားပြည်သူ ၁၃၀ လိုက်ပါစီးနင်းခဲ့ပြီး နေပြည်တော်မှရန်ကုန်သို့ ဘူတာစဉ် ရပ်တန့်ချိန်များအပါအဝင် ခရီးသွားချိန် ၅ နာရီ မိနစ် ၅၀ ကြာမြင့်ကြောင်း သိရှိရသည်။
အဆင့်မြှင့်တင်ပြီးဖြစ်သည့် ရန်ကုန်-နေပြည်တော် ရထားလမ်းပိုင်း၌ ဖေဖော်ဝါရီ ၂၈ ရက်တွင် စတင်ပြေးဆွဲမည့် DEMU ရထားတွင် ပထမတန်း လေးတွဲ၊ အထက်တန်းနှစ်တွဲ စုစုပေါင်း တွဲဆိုင်းခြောက်တွဲဖြင့် ခရီးသည် ၃၁၂ ဦး လိုက်ပါစီးနင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
နေပြည်တော် - မန္တလေးပြေးဆွဲမည့် လေအိတ်ရထားခရီးစဉ်အတွက် ရိုးရိုးတန်းလေးတွဲ၊ အထက်တန်းနှစ်တွဲ စုစုပေါင်း တွဲဆိုင်းခြောက်တွဲဖြင့် ခရီးသည် ၃၃၀ စီးနင်းနိုင်မည်ဖြစ်ကာ ရထားအချိန်စာရင်းနှင့် လက်မှတ်ခနှုန်းထားတို့ကို မြန်မာ့မီးရထားမှ ထပ်မံထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။
ခရီးသည်များအနေဖြင့် အဆိုပါ DEMU ရထားနှင့် လေအိတ်ရထားများကို နေပြည်တော်ဘူတာတွင် ပြောင်းလဲလိုက်ပါ စီးနင်းနိုင်မည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန် - မန္တလေး ခရီးစဉ်တစ်လျှောက် ပဲခူး၊ ဖြူး၊ တောင်ငူ၊ နေပြည်တော်၊ သာစည်ဘူတာတို့၌ ရပ်တန့်ပေးသွားမည်ဖြစ်ပြီး မြန်မာ့မီးရထားအနေဖြင့် ခေတ်မီလူစီးတွဲများ ဖြည့်တင်း/ထုတ်လုပ်ခြင်း၊ ရထားလမ်းအဆင့်မြှင့်တင်ခြင်း၊ ဘူတာရုံများ အဆင့်မြှင့်တင်ခြင်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုးကား-NP News