တရုတ်နိုင်ငံရှိ ထိပ်တန်းတက္ကသိုလ်များသည် နိုင်ငံတကာ ကျောင်းသားများအား တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၂၈,၀၀၀ အထိ ကောက်ခံ
၂၀၂၅ ခုနှစ် Times Higher Education (THE)၏ ဖော်ပြချက်အရ တရုတ်နိုင်ငံရှိ ထိပ်တန်းတက္ကသိုလ်များသည် နိုင်ငံတကာ ကျောင်းသားများထံမှ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၂၈,၀၀၀ အထိ ကောက်ခံ နေကြောင်း သိရသည်။
၂၀၂၅ ခုနှစ် ကမ္ဘာ့တက္ကသိုလ်အဆင့်သတ်မှတ်ချက်အရ တရုတ်နိုင်ငံရှိ တက္ကသိုလ်များအနက် Tsinghua တက္ကသိုလ်သည် ကမ္ဘာ့အဆင့် ၁၂ နေရာတွင် ရပ်တည်လျက် ထိပ်ဆုံးမှ ဦးဆောင်နေသည်။၎င်းနောက်တွင် Peking တက္ကသိုလ် (ကမ္ဘာ့အဆင့် ၁၃) ၊ University of Hong Kong (ကမ္ဘာ့အဆင့် ၃၅) နှင့် Fudan တက္ကသိုလ် (ကမ္ဘာ့အဆင့် ၃၆) တို့က အသီးသီး ရပ်တည်နေကြသည်။
THE ၏ စာရင်းဇယားများအရ နိုင်ငံတကာကျောင်းသားများသည် ထိုကျောင်းများရှိ ကျောင်းသားစုစုပေါင်း၏ ၄% မှ ၂၀% အထိ ရှိကြောင်း ဖော်ပြထားသည်။ တရုတ်ပြည်မကြီးရှိ တက္ကသိုလ်များတွင် နိုင်ငံတကာ ကျောင်းသားများအတွက် နှစ်စဉ်ကျောင်းစရိတ် အမေရိကန်ဒေါ်လာ ၁၆,၀၀၀ အထိ ရှိနိုင်ပြီး၊ ဟောင်ကောင်ရှိ တက္ကသိုလ်များတွင် နှစ်စဉ် အမေရိကန်ဒေါ်လာ ၂၈,၀၀၀ အထိ ပေးဆောင်ရနိုင်ကြောင်း သိရသည်။ အစားအသောက်နှင့် နေထိုင်စရိတ်များမှာ တစ်လလျှင် အမေရိကန် ဒေါ်လာ ၅၅၀ မှ ၁,၀၀၀ အထိ ကုန်ကျနိုင်သည်။
၂၀၂၁ ခုနှစ်အထိ တရုတ်နိုင်ငံတွင် နိုင်ငံတကာကျောင်းသား စုစုပေါင်း ၂၅၅,၇၀၀ ခန့် ရှိပြီး၊ ၎င်းတို့အနက် ၂၇,၀၀၀ မှာ ဗီယက်နမ်နိုင်ငံသားများဖြစ်ကြောင်း သိရသည်။
အဆင့်မြင့်ပညာရေးဆိုင်ရာ သုတေသီအဖွဲ့ Quacquarelli Symonds (QS) ၏ အဆိုအရ တရုတ်နိုင်ငံတွင် ပညာသင်ကြားရန် နိုင်ငံတကာ ကျောင်းသားများ ဆုံးဖြတ်ရာတွင် ထည့်သွင်းစဉ်းစားသည့် အကြောင်းအရာများမှာ ပညာသင်ဆုများ တိုးမြှင့်ပေးခြင်း၊ တရုတ်တက္ကသိုလ်များ၏ အဆင့်သတ်မှတ်ချက် မြင့်တက်လာခြင်းနှင့် ကမ္ဘာပေါ်တွင် အပြောအများဆုံး ဘာသာစကားများထဲမှ တစ်ခုဖြစ်သည့် တရုတ်ဘာသာစကားကို သင်ယူနိုင်သည့် အခွင့်အလမ်းများ ပါဝင်ကြောင်း သိရသည်။
ကိုးကား-VN Express
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂