ငွေကြေးခဝါချမှုဖြစ်စဉ်များတွင် အခွန်ဆိုင်ရာပြစ်မှု၊ အဂတိမှုနှင့် မူးယစ်ဆေးဝါးမှုများမှရရှိသော ငွေကြေးပစ္စည်းများကို အများဆုံးတွေ့နေရ
ငွေကြေးခဝါချသည့်အမှုဖြစ်စဉ်များတွင် အခွန်ဆိုင်ရာပြစ်မှု၊ အဂတိမှုနှင့် မူးယစ်ဆေးဝါးအမှုများမှ ရရှိသော ငွေကြေးနှင့်ပစ္စည်းများကို အများဆုံးတွေ့ရှိနေရကြောင်း လက်ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းအချက်အလက်များအရ သိရသည်။
ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ထုတ်ပြန်သည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ (၂၀၂၄- ၂၀၂၈) တွင်လည်း အထက်ပါကဲ့သို့ ထည့်သွင်းဖော်ပြထားသည်။ ငွေကြေးခဝါချမှုများတစ်ဆင့် နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍများတွင် ဝင်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်နိုင်ရန်အတွက် တိုက်ဖျက်ရေးလုပ်ငန်းများကို အရှိန်အဟုန် ဖြင့် ဆောင်ရွက်နေကြောင်းလည်း ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ဆိုသည်။
အဆိုပါငွေကြေးခဝါချမှုတွင် အခွန်နှင့်အခွန်ဆိုင်ရာပြစ်မှုများ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်စေသောပြစ်မှုများ၊ လာဘ်ပေးလာဘ်ယူမှု၊ အဂတိလိုက်စားမှုများနှင့် မူးယစ်ဆေးဝါး တရားမဝင်သယ်ဆောင်ရောင်းဝယ်မှုများမှ ရရှိသည့် ငွေကြေးနှင့်ပစ္စည်းများသည် အများဆုံးဖြစ်ကြောင်း ဗဟိုအဖွဲ့က အသိပေးထားသည်။
“တရားဝင် မဟုတ်သည့် ငွေဆိုသည်မှာ နိုင်ငံတော်က သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းအတိုင်း အခွန် အခ မပေးဆောင်ဘဲ ရလမ်းမဖော်ပြနိုင်သည့် ငွေအားလုံးကို ငွေမည်းဟု ဆိုလိုခြင်းဖြစ်ကြောင်း၊ ပထမ တစ်ချက် လာဘ်ပေးလာဘ်ယူမှုကြောင့်လည်း ရနိုင်ခြင်း၊ လုပ်ငန်းအာဏာရှိသည့်လူတစ်ယောက်အနေဖြင့် လုပ်ခလစာ အပြင်လုပ်ပိုင်ခွင့်ကို တခြားလူတစ်ယောက်က ရလိုမှုကြောင့် လာဘ်ပေးလာဘ်ယူလုပ်သဖြင့် ၎င်းတွင် တရားဝင်မဟုတ်သည့် ငွေများရှိလာကြောင်း၊ ထို့ကြောင့် အာဏာရှိသည့် ပုဂ္ဂိုလ်တော်တော်များများသည် ကုမ္ပဏီကြီးများလည်း ပေါ်လာနိုင်ခြင်းဖြစ်ကြောင်း” ရခိုင့်ဦးဆောင် ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က NP News ကို သုံးသပ်ပြောကြားသည်။
လက်ရှိတွင် နိုင်ငံအတွင်းရှိ မသမာသူများသည် အခွန်ဆိုင်ရာတိမ်းရှောင်မှုများ၊ လာဘ်ပေးလာဘ်ယူမှုများမှ ရရှိငွေသည့် ငွေကြေးများ၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုများမှ ရရှိသည့်ငွေများဖြင့် အိမ်ခြံမြေ လုပ်ငန်း၊ စီမံကိန်းလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံကာ ငွေကြေးခဝါချနိုင်သကဲ့သို့ တန်ဖိုးကြီးပစ္စည်းများဝယ်ယူခြင်းဖြင့်လည်း ငွေကြေးခဝါချမှုများ ရှိနေနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။ လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်တွင် နိုင်ငံအခြေအနေ မတည်ငြိမ်မှုကို အသုံးချကာ မူးယစ်ဆေးဝါရောင်းဝယ်ဖောက်ကားမှုများကို ပိုမိုပြုလုပ်နေလျက်ရှိကြောင်း သုံးသပ်နေကြသည်။
“မူးယစ် ဆေးဝါးဆိုတာက ရလမ်းမဖော်ပြနိုင်သည့် ငွေအနေဖြင့် လည်ပတ်နေခြင်းဖြစ်ကြောင်း၊ အဓိကတော့ စားသုံးသူရှိသည့်နေရာကို ထုတ်လုပ်သည့်နေရာကနေ ပို့ဆောင်ခြင်းဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးလမ်းကြောင်း တစ်လျှောက်မှာ ငွေမည်းတွေပေါ်လာကြောင်း၊ အဆိုပါငွေမည်းများကို ဘယ်လိုငွေဖြူ လုပ်နိုင်သလဲ ဆိုပါက ရေရှည်ရင်းနှီးမြှုပ်နှံနိုင်သည့်ဈေးကွက်များ ရှာကြကြောင်း၊ မြေယာကိုစဉ်းစားကြကြောင်း၊ ထို့နောက် တိုက်တာ အိုးအိမ်၊ စီမံကိန်းများကို စဉ်းစားကြကြောင်း၊ တစ်နည်းအားဖြင့် ထိုငွေမည်းကို ငွေဖြူပြန်လုပ်ကြခြင်း ဖြစ်ကြောင်း” ဒေါက်တာအေးမောင်က ဆက်လက်သုံးသပ်သည်။
လုပ်ငန်းရှင်ဖြစ်စေ၊ အာဏာရှိသူဖြစ်စေ သာမန်မဟုတ်သည့် ကြီးပွားချမ်းသာမှုမျိုးကို စိစစ်သွားရန် လိုအပ် ကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။ ပြီးခဲ့သောကာလများတွင် နိုင်ငံအတွင်း၌ ငွေကျပ်ဘီလီယံနှင့် ချီကာ တန်ဖိုးရှိသော မူးယစ်ဆေးဝါးဖမ်းဆီး ရရှိမှုဖြစ်စဉ်များကို မကြာခဏဆိုသကဲ့သို့ တွေ့ရှိခဲ့ရသည်။ ထို့ပြင် အစိုးရမဟုတ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့သည်လည်း မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုများတွင် ပါဝင်ပတ်သက်နေလျက်ရှိကြောင်း စွပ်စွဲခံနေရသည်။ ပြီးခဲ့သော ၂၀၂၄ ခုနှစ်တွင် ငွေကျပ် ၁၁၆၃ ဘီလီယံ အမေရိကန် ဒေါ်လာအားဖြင့် ၃၄၉ သန်းကျော်တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးမျိုးစုံကို လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရဘက်က မီးရှို့ဖျက်ဆီးခဲ့သည်။
ကိုးကား- NP News