E-cigarette၊ Vape အစရှိသည့် အီလက်ထရွန်နစ် အငွေ့ရှူစက်များနှင့် ပတ်သက်၍ ထိန်းချုပ်နိုင်ရေး ဆောင်ရွက်နေ
လူငယ်များအကြားတွင် ရေပန်းစားလျက်ရှိသည့် E-cigarette၊ Vape အစရှိသည့် အီလက်ထရွန်နစ် အငွေ့ရှူစက်များနှင့်ပတ်သက်၍လည်း ဥပဒေအရ ထိန်းချုပ်ဆောင်ရွက်နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ပြောကြားသည်။
မတ် ၃ ရက်က ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးဗဟိုအဖွဲ့ အစည်းအဝေး (၂/၂၀၂၅) ကို ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ် (၄) Meeting Hall ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ဆေးလိပ်နှင့် ဆေးရွက်ကြီး ထွက်ပစ္စည်းသုံးစွဲမှုသည် နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချို ရောဂါနှင့် လေဖြတ်ရောဂါ၊ ကင်ဆာရောဂါ၊ နာတာရှည်အဆုတ်နှင့် အသက်ရှူလမ်းကြောင်းရောဂါစသည့် မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားရခြင်း၏ အဓိကအကြောင်းရင်းတစ်ရပ်ဖြစ်ပြီး မကူးစက်နိုင်သော ရောဂါများ ဖြစ်ပွားသေဆုံးမှုသည် ကမ္ဘာတစ်ဝန်းတွင် ကပ်ရောဂါအသွင် များပြားလာကာ ကျန်းမာရေးကို များစွာထိခိုက်စေကြောင်း ပြောကြားသည်။
အများပြည်သူတို့၏ ကျန်းမာရေးကို ထိခိုက်စေသည့်အန္တရာယ်မှ ကာကွယ်ရန်အတွက် ဆေးလိပ်ငွေ့ ကင်းစင်နယ်မြေနှင့် ဒေသများထူထောင်ရေးကိုအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ လူငယ်များအကြားတွင် ရေပန်းစားလျက်ရှိသည့် E-cigarette၊ Vape အစရှိသည့် အီလက်ထရွန်နစ် အငွေ့ရှူစက်များနှင့်ပတ်သက်၍လည်း ဥပဒေအရ ထိန်းချုပ်ဆောင်ရွက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာခဲ့သည့် “ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက် ပစ္စည်းများကို စံသတ်မှတ်ချက်များနှင့်အညီ ထုပ်ပိုးခြင်းနှင့် ကျန်းမာရေးသတိပေးရုပ်ပုံများ၊ စာသားများကို ပုံနှိပ်ဖော်ပြခြင်းဆိုင်ရာအမိန့်” သည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် စတင် အာဏာသက်ဝင်ခဲ့ပြီးဖြစ်ကြောင်း၊ အမိန့်စာကို လုပ်ငန်းရှင်များက လိုက်နာဆောင် ရွက်နိုင်ရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဦးစီးဌာနများအနေဖြင့် ဆက်လက်ဆောင်ရွက်ရန် ကိစ္စရပ်များကို အားဖြည့်ဆောင်ရွက်ပေးရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးဗဟိုအဖွဲ့ အတွင်းရေးမှူး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက “ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများကို စံသတ်မှတ်ချက်များနှင့်အညီ ထုပ်ပိုးခြင်းနှင့် ကျန်းမာရေးသတိပေးရုပ်ပုံများ၊ စာသားများကို ပုံနှိပ်ဖော်ပြခြင်းဆိုင်ရာအမိန့်”နှင့်စပ်လျဉ်း၍ ဆောင်ရွက် ထားရှိမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးဗဟိုအဖွဲ့ အဖွဲ့ဝင်များနှင့် ကိုယ်စားလှယ်များက ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြသည်။
ထို့နောက် အစည်းအဝေးဆုံးဖြတ်ချက်များကို ဆွေးနွေးတင်ပြပြီး ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကိုယ်စားလှယ်များ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မကူးစက်နိုင်သောရောဂါများ ကာကွယ်နှိမ်နင်းရေးဌာနခွဲမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကိုးကား-Eleven Media Group