ရီးရဲလ်မက်ဒရစ်အသင်းက ပရိသတ်ဦးရေ ၈၅၀၀၀ ဝင်ဆံ့နိုင်အောင် ဘာနေဗျူးကွင်းကို တိုးချဲ့မှုများ လုပ်ဆောင်မည်

News Image

  • ရီးရဲလ်မက်ဒရစ်အသင်းက ပရိသတ်ဦးရေ ၈၅၀၀၀ ဝင်ဆံ့နိုင်အောင် ဘာနေဗျူးကွင်းကို တိုးချဲ့မှုများ လုပ်ဆောင်မည်

မက်ဒရစ်  မတ် ၆

ရီးရဲလ်မက်ဒရစ် အသင်းက လက်ရှိအိမ်ကွင်းအဖြစ် အသုံးပြုနေသည့် ဘာနေဗျူးအားကစားကွင်းကို ပရိသတ်ဦးရေ ၈၅၀၀၀ ထိ ဝင်ဆံ့နိုင်သည့် အားကစားကွင်းဖြစ်အောင် ကွင်းတိုးချဲ့မှုများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ရီးရဲလ်မက်ဒရစ် အသင်းသည် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က စတာလင်ပေါင် ၁ ဒသမ ၅ ဘီလီယံထိ အကုန်ကျခံကာ ကွင်းအဆင့်မြှင့်တင်မှုများ လုပ်ဆောင်ခဲ့ပြီးနောက် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင် အဆင့်မြှင့်တင်မှုများ ရာနှုန်းပြည့်လုပ်ဆောင်ခဲ့ပြီး လက်ရှိအချိန်ထိ အသုံးပြုနေခြင်းဖြစ်သည်။

သို့သော် ရီးရဲလ်မက်ဒရစ်အသင်းက အိမ်ကွင်း ဘာနေဗျူးကစားကွင်းကို နောက်ထပ်တိုးချဲ့မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး လက်ရှိပရိသတ်ဦးရေ ၇၉၀၀၀ ဝင်ဆံ့ရာမှ ပရိသတ်ဦးရေ ၈၅၀၀၀ ထိ ဝင်ဆံ့နိုင်ရန်အတွက် ကွင်းတိုးချဲ့မှုများ လုပ်ဆောင်သွားမည်ဖြစ်သည်။

စပိန်နိုင်ငံသည် လာမည့် ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို မော်ရိုကိုနိုင်ငံ၊ ပေါ်တူဂီနိုင်ငံတို့နှင့်အတူ ပူးတွဲကျင်းပခွင့်ရရှိထားပြီး ဗိုလ်လုပွဲစဉ်ကို လက်ခံကျင်းပခွင့်ရရှိရေး ပရိသတ်များများဝင်ဆံ့ရန် လိုအပ်သည့်အတွက် နောက်ထပ်ကွင်းတိုးချဲ့မှုများ လုပ်ဆောင်ရန် ပြင်ဆင်နေခြင်းဖြစ်ပြီး ကွင်း တိုးချဲ့မည့်စီမံကိန်းကို ၂၀၃၀ ပြည့်နှစ်မပြီးဆုံးမီ အပြီးသတ်လုပ်ဆောင်သွားမည်ဖြစ်သည်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၏ စည်းမျဉ်းများတွင် ကမ္ဘာ့ဖလားဗိုလ်လုပွဲစဉ်ကို လက်ခံကျင်းပမည့် အားကစားကွင်းအနေဖြင့် အနည်းဆုံး ပရိသတ်ဦးရေ ၈၀၀၀၀ ဝင်ဆံ့ရန်လိုအပ်သည့်အတွက် ရီးရဲလ်မက်ဒရစ်အသင်းက ပရိသတ်ဦးရေ ၈၅၀၀၀ ဝင်ဆံ့နိုင်သည့် အားကစားကွင်းအဖြစ် တိုးချဲ့ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

Source: ရတနာပုံသတင်းစာ