ဆန်စက်(၁၁)ခုတွင် ဆိုလာစနစ်ဖြင့် လျှပ်စစ်(၁၅)မဂ္ဂါဝပ်ခန့် ထုတ်လုပ်မည့် အစီအစဉ် မေလတွင် ပြီးစီးမည်

News Image

  • ဆန်စက်(၁၁)ခုတွင် ဆိုလာစနစ်ဖြင့် လျှပ်စစ်(၁၅)မဂ္ဂါဝပ်ခန့် ထုတ်လုပ်မည့် အစီအစဉ် မေလတွင် ပြီးစီးမည်

ဆန်စက် (၁၁) ခုတွင် ဆိုလာစနစ်တပ်ဆင်ပြီး လျှပ်စစ်ဓာတ်အား စုစုပေါင်း (၁၅) မဂ္ဂါဝပ်ခန့် ထုတ်လုပ်မည့် အစီအစဉ်ကို ဦးစားပေးဆောင်ရွက်လျက်ရှိပြီး လာမည့်မေလတွင် ပြီးစီးရန် လျာထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှသိရသည်။ အဆိုပါစနစ်ကို မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်က ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် စတင်ပြင်ဆင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် သီလဝါရှိ ဆန်စက်၌စတင် အကောင်အထည်ဖော် လျက်ရှိကြောင်း သိရသည်။

“ဆန်စက်(၁၁)ခုလောက်ရှိမယ်။ စုစုပေါင်း(၁၅)မဂ္ဂါဝပ်လောက် တပ်သွားမယ်။ အခုစလုပ် နေပါပြီ သီလဝါ က ဆန်စက်ဆို စတပ်နေပါပြီ ပြီးတော့မယ်။ အဓိကက ဆန်စက်တွေက ဆိုလာတပ်ပြီး သုံးလိုက်ရင် မဟာဓာတ်အားလိုင်းက ထုတ်သုံးတာလျော့သွားတာပေါ့။ မဟာဓာတ်အားလိုင်းက ထုတ်သုံးတာ လျော့သွားရင် တခြားစက်မှုလက်မှုလုပ်ငန်းတွေနဲ့ ပြည်သူတွေကို နိုင်ငံတော်က ပိုပြီးပေးနိုင်မှာပါ။ (၁၅) မဂ္ဂါဝပ်ကို ဆန်စက် တွေမှာ သုံးဖို့တပ်လိုက်ခြင်းဟာ (၁၅) မဂ္ဂါဝပ်စက်ရုံတစ်ရုံ ထူထောင်လိုက်တာနဲ့ အတူတူပဲ။ ကျွန်တော်တို့ သုံးတာလျော့သွားရင် ပြည်သူတွေပိုသုံးနိုင်တာပေါ့” ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင် က NP News ကိုပြောသည်။

ထို့ပြင် လပွတ္တာမြို့နယ်ရှိ ဆန်စက်များတွင်လည်း စတင်တပ်ဆင်နေပြီး ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး နှင့် ရန်ကုန်တိုင်းဒေသကြီးတို့ရှိ ဆန်စက်များကို အဓိကတပ်ဆင်သွားမည့်အပြင် လတ်တလော အခြေအနေနှင့် ကိုက်ညီသည့် လျှပ်စစ်စွမ်းအင်လိုအပ်ချက်ကို တိုးချဲ့တပ်ဆင်သွားမည် ဖြစ်ကြောင်းသိရသည်။ အဆိုပါ စနစ်ကို လာမည့်မေလတွင် ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး သွင်းကုန်လိုင်စင်အပါအဝင် ငွေကြေး လိုအပ်ချက် များလည်းရှိနေကြောင်း သိရသည်။

“ဒီနှစ် မတ်၊ ဧပြီ၊ မေမှာ ပြီးအောင်လုပ်မယ်။ အဓိကကတော့ ပြည်ပကနေသွင်းရတဲ့ သွင်းကုန် လိုင်စင် လိုအပ်ချက် ရှိတယ်။ ဒုတိယအချက်က နည်းပညာပိုင်းကလည်း မှန်ကန်ပြီးတော့ ရေရှည်အသုံးချ လို့ရတဲ့ နည်းပညာဖြစ်ဖို့လည်း လိုအပ်ချက်ရှိတယ်။ နောက်တစ်ချက်ကတော့ ဘဏ္ဍာငွေကြေး။ ဒီဟာက ရင်းနှီးမြှုပ်နှံမှုပမာဏကြီးမားတယ်။ အကြမ်းဖျင်း (၁) မဂ္ဂါဝပ်ကို မြန်မာကျပ်ငွေ သိန်း(၂၅,၀ဝဝ) (၃၀,ဝဝဝ) လောက်ရှိတယ်။ အဲဒီကုန်ကျစရိတ်ပေါ်မှာ ရင်းနှီးမြှုပ်နှံရတဲ့ပမာဏရှိတယ်။ နောက်ဆုံးအချက်ကတော့ ကျွမ်းကျင်ဝန်ထမ်းတွေကို Training ပေးရတယ်။ အခက်အခဲဆိုတာထက် အဓိက စဉ်းစားရတဲ့ အရေးကြီးတဲ့ အချက်ကတော့ (၄)ချက်ရှိတာပေါ့” ဟု ဦးရဲမင်းအောင်က ဆက်လက်ပြောသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ပြီးခဲ့သည့် ဇန်နဝါရီလထုတ်ပြန်ချက်အရ ယခုကာလတွင် လျှပ်စစ်ထုတ်လုပ်နိုင်မှုမှာ တစ်ရက် ပျမ်းမျှ (၂၂၀ဝ) မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်နိုင်ပြီး ထုတ်လုပ်နိုင်မှု၏ (၅၀%) ခန့်ကိုသာ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်လျက်ရှိကြောင်း သိရသည်။

ကိုးကား NP News