၂၀၂၅ ခုနှစ် တက္ကသိုလ်စာမေးပွဲကျင်းပနေစဉ်ကာလအတွင်း YBS ယာဉ်အစီးရေများ တိုးမြင့်ပြေးဆွဲပေးသွားမည်
တာမွေ မတ် ၁၀
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသော YBS ခရီးသည်တင် ယာဉ်လိုင်းများမှ ယာဉ်များအား ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ကျင်းပနေစဉ်ကာလအတွင်း ယာဉ်အစီးရေများ တိုးမြှင့် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) မှ သိရသည်။
“၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ၂၀၂၅ ခုနှစ် မတ်လ ၁၇ ရက်ကနေ ၂၂ ရက်အထိ နေ့စဉ် နံနက် ၉ နာရီမှ ၁၂ နာရီအထိ ကျင်းပမယ့် စာမေးပွဲဖြေဆိုမယ့် အချိန်မတိုင်ခင်မှာ YBS ယာဉ်များကို အစီးရေများများနဲ့ ခပ်စိပ်စိပ်ပြေးဆွဲပေးဖို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ CNG ကိုလည်း တန်းစီတဲ့အချိန် မကြာအောင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနဲ့ ညှိနှိုင်းထားတာရှိပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြေသည်။
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပနေစဉ်ကာလအတွင်း ကျောင်းသား ကျောင်းသူများ သွားလာမှုအဆင်ပြေစေရေးအတွက် YBS ခရီးသည်တင်ယာဉ်လိုင်းများ စနစ်တကျပြေးဆွဲစေရေး၊ ယာဉ်ကြောပိတ်ဆို့ကျပ်တည်းမှု မရှိစေရေးအတွက် YRTC စည်းကမ်းထိန်းသိမ်းရေးနှင့် စစ်ဆေးရေးဌာနမှ စစ်ဆေးရေးအဖွဲ့ ၁၀ ဖွဲ့နှင့် မှတ်တိုင် ၁၀ ခုတို့တွင် စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် စစ်ဆေးရေးဝန်ထမ်းနှစ်ဦးစီ ပါဝင်သည့် ခရိုင်သုံးခရိုင် ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် စည်းကမ်းထိန်းသိမ်းရေးနှင့် စစ်ဆေးရေးလုပ်ငန်းများကို ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စာမေးပွဲမတိုင်မီကာလနှင့် စာမေးပွဲဖြေဆိုသည့်ကာလအတွင်း ကျောင်းသား ကျောင်းသူများအနေဖြင့် သက်ဆိုင်ရာ စာစစ်ဌာနကျောင်းများသို့ သွားလာမှုအဆင်ပြေစေရေးအတွက် YBS ယာဉ်လိုင်းများမှ နေ့စဉ်ထွက်ရှိသော ယာဉ်အစီးရေများ တိုးမြှင့်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Source: မြန်မာ့အလင်းသတင်းစာ