လာမည့်ရက်ပိုင်းအတွင်း ရန်ကုန်တွင် အပူချိန် ၄ဝ ဒီဂရီ ဆဲလ်စီးရပ် အထိ မြင့်တက်နိုင်

News Image

  • လာမည့်ရက်ပိုင်းအတွင်း ရန်ကုန်တွင် အပူချိန် ၄ဝ ဒီဂရီ ဆဲလ်စီးရပ် အထိ မြင့်တက်နိုင်

မတ်လ ၁၀ ရက်မှ ၁၄ ရက်အတွင်း ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး၊ မွန်၊ ကရင် နှင့် တနင်္သာရီတိုင်းမြောက်ပိုင်းများတွင် အမြင့်ဆုံးအပူချိန် ၄ဝ ဒီဂရီ ဆဲလ်စီးရပ်အထက်အထိ မြင့်တက်လာနိုင်ကြောင်း မိုးဇလပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းပြောကြားသည်။

“ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်း တပ်ဆင်ထားသည့် GSM Weather Station ရှိ real-time data များက ရရှိသည့် အချက်အလက်များအရ အပူချိန် (Temperature Felt) က ၄၃ ဒီဂရီဆဲလ်စီးရပ်အထိ မြင့်တက်လာခဲ့ပြီး အပူချိန်တိုင်း Sensor များက ရရှိသည့် အပူချိန်ကတော့ အမြင့်ဆုံး ၃၉ ဒီဂရီဆဲလ်စီးရပ် အထိ ရှိကြောင်း တွေ့ရှိရပါကြောင်း” ဟု ဦးဝင်းနိုင်က ဆိုသည်။

မြန်မာနိုင်ငံအထက်ပိုင်းနှင့် အလယ်ပိုင်းမိုးနည်း ရေရှားဒေသများ၏ အမြင့်ဆုံးအပူချိန်သည် ၄၀ ဒီဂရီဆဲလ်စီးရပ် အထက်တွင် ဆက်လက် ရှိနေနိုင်ပြီး အနိမ့်ဆုံးအပူချိန်က ၂၀ ဒီဂရီဆဲလ်စီးရပ် အောက်မှာ ဆက်လက်ရှိနေနိုင်ခြင်းကြောင့် စိုထိုင်းဆမြင့်တက်လာသော အချိန် (နေ့ခင်းပိုင်း) တွင် ခံစားရသည့် အပူချိန်မြင့်တက်ခြင်းအား သတိထားဆင်ခြင်နိုင်ရန် အသိပေးထားသည်။

ထို့အတူ မိုးလေဝသ လေ့လာသုံးသပ်သူ ဦးဆန်းခိုင် ကလည်း မတ် ၁၀ ရက်နေ့ ကျော်ပါက အညာနွေ မြေပြင်အနီး အပူချိန်သည် မန္တလေးတွင် ၄၅ / ၄၆ ဒီဂရီဆဲလ်စီးရပ်၊ စစ်ကိုင်းတွင် ၄၂ ဒီဂရီဆဲလ်စီးရပ် ၊ မကွေးတွင် ၄၂ / ၄၃ ဒီဂရီဆဲလ်စီးရပ်၊ ရခိုင်တွင် ၄၃/၄၄ ဒီဂရီဆဲလ်စီးရပ်၊ နေပြည်တော် နှင့်ပဲခူးတို့တွင် ၄၀/၄၁ ဒီဂရီဆဲလ်စီးရပ်၊ ဧရာဝတီ၊ ရန်ကုန်၊ မွန်နှင့် ကရင် တို့တွင် ၄၁/ ၄၂ ဒီဂရီဆဲလ်စီးရပ်ဖြင့် ရှိနိုင်ကြောင်း ခန့်မှန်းသုံးသပ်ချက်များထွက်ပေါ်နေသည်။

လာမည့်ရက်သတ္တပတ်အတွင်း နေ့အပူချိန်များ ထူးခြားစွာ မြင့်တက်လာနိုင်ခြင်းကြောင့် ပြည်သူလူထုအနေဖြင့် အပူဒဏ်ဆိုင်ရာ သတိပေးချက်များကို စောင့်ကြည့်လေ့လာသင့်ကြောင်း မိုးလေဝသပညာရှင်များက တိုက်တွန်းပြောကြားထားသည်။

ကိုးကား-NP News