EV လျှပ်စစ်အားသွင်းရုံ ၂၁ ခု ဖွင့်လှစ်နိုင်ခဲ့ရာ ကား ၁၀ စီး တစ်ပြိုင်နက် အားသွင်းနိုင်မည်

News Image

  • EV လျှပ်စစ်အားသွင်းရုံ ၂၁ ခု ဖွင့်လှစ်နိုင်ခဲ့ရာ ကား ၁၀ စီး တစ်ပြိုင်နက် အားသွင်းနိုင်မည်

တစ်နိုင်ငံလုံးတွင် EV လျှပ်စစ်အားသွင်းရုံ (Charging Station) ၂၁ ခုအထိတိုးတက်လာပြီး ကား ၁၀ စီး အထိ တစ်ပြိုက်နက်အားသွင်းနိုင်သောနေရာများ တည်ဆောက်ပြီးစီးထားကြောင်း လျှပ်စစ်သုံးယာဉ်များ ပြေးဆွဲ/ အသုံးပြုရေးနှင့် အခြေခံအဆောက်အဦများ အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီမှ သိရသည်။

ဖေဖော်ဝါရီလကုန်ပိုင်းက တစ်နိုင်ငံလုံးအနေဖြင့် ၂၁ ခုမြောက် EV Charging Station ကို နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် သုခတော်ဝင်အိမ်ရာအနီး၌ ဖွင့်လှစ်ခဲ့ပြီး ရန်ကုန်နှင့် နေပြည်တော်လေဆိပ်ရှိ Charging Station ၂ ခုမှာလည်း ၁၀၀ ရာခိုင်နှုန်းပြီးစီး၍ စတင်အသုံးပြုနေပြီဖြစ်ကြောင်း အဆိုပါ ကော်မတီမှ သိရသည်။

ထို့အတူဖွင့်လှစ်ပြီးသည့် Charging Station များအနက် ရန်ကုန်၊ နေပြည်တော်၊ မန္တလေးမြို့တို့ရှိ Charging Station များတွင် ကားလေး ၁၀ စီး တစ်ပြိုင်နက်အားသွင်းနိုင်ပြီး ရန်ကုန်-မန္တလေးအမြန်လမ်းရှိ Charging Station များတွင်လည်း ကားလေး ၁၀ စီးနှင့် ဘတ်စ်ကား ၄ စီးတစ်ပြိုင်နက် အားသွင်းနိုင်မည်ဖြစ်သည်။

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်များနှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံအတွင်းသို့ တင်သွင်းရောက်ရှိလာသည့် လျှပ်စစ်သုံးမော်တော်ယာဉ်များ Charging ဖြည့်သွင်းနိုင်ရန်အတွက် EV Charging Station များ တည်ဆောက်ဖွင့်လှစ်ပေးနေခြင်း ဖြစ်ကြောင်းသိရသည်။ 

ထိုသို့ ခွင့်ပြုချက်ဖြင့် EV Charging Stationများကို နေပြည်တော်၊ ရန်ကုန် ၊ မန္တလေးနှင့် (ရန်ကုန်-မန္တလေး) အမြန်လမ်းမကြီးပေါ်ရှိ မြေနေရာများ သတ်မှတ်ဆောင်ရွက်ခဲ့ရာ နေပြည်တော်မှာ ၉ နေရာ ၊ မန္တလေးမှာ ၉ နေရာ ၊ ရန်ကုန်မှာ ၉ နေရာနှင့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်မှာ ၁၅ နေရာ ၊ စုစုပေါင်း ၄၂ နေရာအား ရှေ့ပြေး စမ်းသပ်စီမံကိန်း(ပိုင်းလော့ပရောဂျက်)အဖြစ် ဆောင်ရွက်နေခြင်းဖြစ်ပြီး လက်ရှိ၌ EV Charging Station ၂၁ ခု မြောက်အထိ ဆောင်ရွက်ပြီးဖြစ်‌‌ကြောင်း သိရသည်။

ကိုးကား- NP News