ထိုင်းနိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ဆေး လက်တွေ့ စမ်းသပ်မှု စတင်တော့မည်
ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက လာမည့်လမှစတင်၍ Nakhon Phanom ပြည်နယ်ရှိ ကလေးများအတွက် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ဆေး လက်တွေ့စမ်းသပ်မှု စတင်တော့မည်ဟု မတ်လ ၁၄ ရက်နေ့တွင် ကြေညာခဲ့သည်။
အမျိုးသားကူးစက်ရောဂါကာကွယ်ရေးကော်မတီမှ အတည်ပြုထားသော လေ့လာမှုသည် ယခင်က သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ခံခဲ့ရသည် ဖြစ်စေ မကူးစက်ခံခဲ့ရသည်ဖြစ်စေ အသက် ၇ နှစ်မှ ၁၀ နှစ်ကြား ပါဝင်သူ ၃၅,၀၀၀ တွင် ကာကွယ်ဆေး၏ ထိရောက်မှုကို စမ်းသပ်အကဲဖြတ်ရန် ရည်ရွယ်သည်။
ကူးစက်ရောဂါထိန်းချုပ်ရေးဌာန (DDC) ၏ ညွှန်ကြားရေးမှူးချုပ် Dr. Panumas Yanawetsakul က စမ်းသပ်မှုကို သုံးနှစ်အတွင်း ပြီးစီးရမည် ဖြစ်ပြီး ထို့နောက်တွင် ကာကွယ်ဆေးကို နိုင်ငံ၏ အထွေထွေ ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်တွင် ထည့်သွင်းနိုင်မည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
အမျိုးသားကာကွယ်ဆေးအဖွဲ့၏ ညွှန်ကြားရေးမှူး Dr. Nakorn Premsri က ဂျပန်ဆေးကုမ္ပဏီတစ်ခုမှ သုတေသနပြုထုတ်လုပ်ထားပြီး ထိုင်း FDA တွင် မှတ်ပုံတင်ထားသော ကာကွယ်ဆေးသည် ဝက်သက် ကာကွယ်ဆေးနှင့် ဆင်တူသော live-attenuated ပုံစံဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကိုးကား-VN Express
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂