ယီမင်အခြေစိုက် ဟူသီသူပုန်အဖွဲ့ကို အမေရိကန်က လေကြောင်းတိုက်ခိုက်မှုများပြုလုပ်
ယီမင်အခြေစိုက် ဟူသီသူပုန်များ၏ အခြေစိုက်နေရာများကို အမေရိကန် က လေကြောင်းတိုက်ခိုက်မှုအများအပြား ပြုလုပ်ခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏ Truth ဆိုရှယ်ပလက်ဖောင်းတွင် ရေးသားပါသည်။
ဟူသီအဖွဲ့ ထိန်းချုပ်ထားသည့် ယီမင်နိုင်ငံ မြို့တော် ဆာနာနှင့် အခြား ဟူသီအဖွဲ့ အခြေစိုက်စခန်းများကို မတ်လ ၁၅ ရက်က အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အနည်းဆုံး လူ ၂၃ ဦး သေဆုံးပြီး လူ ၂၀ ဒဏ်ရာရခဲ့ကြောင်း ဟူသီအဖွဲ့၏ ကျန်းမာရေးအာဏာပိုင်များက ပြောကြားခဲ့ပါသည်။
အမေရိကန်၏ စီးပွားရေးကို မည်သူမျှ ရပ်တန့်နိုင်စေမည်မဟုတ်သလို အမေရိကန်၏ ရေတပ်သင်္ဘောများ ကမ္ဘာ့ပင်လယ်ပြင်များတွင် ရွက်လွှင့်နေခြင်းကို မည်သည့်အကြမ်းဖက်အဖွဲ့ကမျှ တားဆီးနိုင်မည်မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဆိုပါသည်။
အီရန် ကျောထောက်နောက်ခံပေးထားသော ဟူသီအဖွဲ့သည် ယီမင် မြို့တော် ဆာနာနှင့် ယီမင်နိုင်ငံ အနောက်မြောက်ပိုင်းကို ထိန်းချုပ်ထားခြင်းဖြစ်ပြီးအစ္စရေး-ဟားမက် စစ်ပွဲဖြစ်ပွားပြီးနောက် ပါလက်စတိုင်းများနှင့်အတူ ရပ်တည်ကြောင်း ပြခဲ့ပါသည်။
ဟူသီအဖွဲ့သည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှစ၍ ပင်လယ်နီ ထဲက သင်္ဘောများကို တိုက်ခိုက်မှုများ ပြုလုပ်နေခြင်း ဖြစ်ပါသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဟူသီအဖွဲ့ကို ထောက်ပံ့ပေးမှုကို ချက်ချင်းရပ်တန့်ရန် အီရန်ကိုလည်း သတိပေးလိုက်ပါသည်။
ဟူသီအဖွဲ့ကတော့ အမေရိကန်၏ ယခုကဲ့သို့တိုက်ခိုက်မှုကြောင့် ယီမင် ပြည်သူများနှင့် ဂါဇာကမ်းမြောင်က လူများအပေါ် ထောက်ခံမှု ပျက်စီးသွားမည်မဟုတ်ကြောင်း တုံ့ပြန်ထားပါသည်။
ကိုးကား- Onenews Myanmar Channel